Part 71

1.5K 232 0
                                    

Unicode
အပိုင်း ၇၁
ယွမ့်ထန်းက နံရိုးအတွက် ဝက်သားနံရိုးအတုံးကြီးတစ်တုံးကို ယူလိုက်ပြီး လက်တစ်ဝါးစာ အတုံးလေးများ ပြန်တုံးသည်။ အသားများသောနံရိုးအသားပိုင်းက ပို၍စားကောင်းသည်ဟုထင်သည်။
နံရိုးများကို ဆေးကြောသန့်စင်ပြီးနောက်တွင် ယွမ့်ထန်းက ကြိုတင်ပြင်ဆင်ထားသည့် ရေအပြည့်ထားသော အိုးကြီးထဲသို့ထည့်လိုက်သည်။ ရေထဲတွင် စိမ်ထားပြီးနောက်တွင် သူက စတင်ပြီး ဟင်းခပ်အမွှေးအကြိုင်များ ပြင်ဆင်တော့သည်။ ချိုမြိန်သောပဲအနှစ်၊ ပဲအချဉ်၊ ဆား၊ ပဲငန်ပြာရည် စသဖြင့်တို့ကိုထည့်ပြီး အချဉ်လုပ်သည်။ သူက သူ၏လက်ကိုသုံးကာ နံရိုးနှင့် ထိုအနှစ်အချဉ်များကို ရောမွှေခြင်းဖြစ်သည်။ အချဉ်များက အသားအတွင်းသို့ စိမ့်ဝင်သွားလေလေ အရသာက ပိုကောင်းလေလေဖြစ်သည်။
နံရိုးကိုနှပ်ပြီးနောက် သူက စတင်ပြီး ဒယ်ပြားပေါ်တွင် ဟင်းချက်ဆီကိုထည့်ကာ အပူပေးလိုက်သည်။ ဆီက ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်းအထိ ပူလာချိန်တွင် သူက နှပ်ထားပြီးသောနံရိုးများကို ဒယ်ပြားထဲသို့ထည့်လိုက်ကာ အနည်းငယ်ကြော်ပြီးသည်နှင့် ချက်ချင်းဆိုသလို ပြန်ဖယ်ထုတ်လိုက်သည်။
သူက ဒယ်ပြားကို ရေဖြင့်ဆေးကြောသန့်စင်ပြီးသည်နှင့် ဆီအသစ်ပြန်လောင်းထည့်သည်။ သူက ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်နီတို့ကို နုတ်နုတ်စင်းကာ အပူချိန်နိမ့်နိမ့်ဖြင့် ဆီသပ်ထားလိုက်သည်။ မွှေးပျံ့သည့် ရနံ့ထွက်လာသည်နှင့် ပန်းကန်လုံးကြီးတစ်လုံးစာရေနွေးများကို ယူပြီး ထိုဒယ်ပြားထဲသို့ထည့်လိုက်ကာ ကြော်ထားပြီးသားနံရိုးများကို တစ်ဖန်ထပ်ထည့်သည်။ သူက ပဲငန်ပြာရည်နှင့် သကြားဖြူကိုလည်း ထည့်လိုက်သေးသည်။ အချိန်အတန်ကြာပြုတ်ထားပြီးနောက်တွင် သိပ်မကြာခင်မှာပင် လှပသော ရွှေနှင့်အနီရောင် ရောယှက်နေသော ပွက်ပွက်ဆူသည့်အချဉ်ရည်များ၏မြင်ကွင်းက ထင်ရှားလာတော့သည်။ သီးသန့်ဖြစ်တည်နေသကဲ့သို့ထင်ရသည့် အရသာရှိသော အသားရနံ့က ပျံ့လွင့်လာတော့သည်။
“ကိုယ်တို့အနေနဲ့နာရီဝက်လောက် နှပ်ထားပြီးမှပဲ အဆင်သင့်ဖြစ်လိမ့်မယ်”
[ယွဲ့မင်ယာ .. ငါတို့ နာရီဝက်တောင် ထိုင်စောင့်ရအုံးမှာပါလား၊ ဒါပေမယ့် ကြည့်ရုံနဲ့တင် ဗိုက်ဆာလာပြီ]
[ယွမ့်ရဲ့ကလေးလေး .. အနံ့က တကယ်မွှေးတာပဲ]
“ကိုယ်တို့ ဒါကိုအချိန်အကြာကြီးသာ မပြုတ်ထားဘူးဆိုရင် အသားက နူးညံ့နေမှာမဟုတ်သလို အရသာကလည်း ကောင်းလာမှာမဟုတ်ဘူး”
သူက ပြုံးပြီးဖြေသည်။ ထို့နောက် ဝက်ခြေထောက်အရိုးတုံးကြီးနှစ်တုံး ထုတ်ယူလိုက်သည်။ သူက အသားများသည့်နောက်ခြေရိုးကို သီးသန့်ရွေးထားခြင်းဖြစ်သည်။ ထိုအပိုင်းက ပို၍ တုတ်ကာ ခြင်ဆီရိုးလည်းပါသည်။ ထိုခြင်ဆီရိုးထဲတွင် ကော်လဂျင်အများအပြားပါဝင်သဖြင့် ဒဏ်ရာများကို ကုသသည့် အခြေအနေမျိုးနှင့် ခန္ဓာကိုယ်ကိုအားဖြည့်ပေးရရာတွင် အလွန်အသုံးဝင်သည်။ ထိုအရိုးစွပ်ပြုတ်က ယွမ့်ယွီအတွက် အသင့်တော်ဆုံးဖြစ်သွားပေလိမ့်မည်။
သူက ပထမဦးစွာ ထိုဝက်ခြေထောက်အရိုးများကို သန့်ရှင်းသပ်ရပ်အောင် ရေအေးနှင့်ဆေးကြောလိုက်ပြီး အလယ်မှ ခုတ်လိုက်သည်။ ထို့နောက်စွပ်ပြုတ်အိုးထဲသို့ထည့်ထားလိုက်တော့သည်။ ရေက ပွက်ပွက်ဆူလာသောအခါ သွေးနှင့်မသန့်စင်သော အရာများအားလုံးကို တစ်ဖန်ဖယ်ထုတ်လိုက်ပြီးသည်နှင့် အရိုးမှ အညှီနံ့များကလည်း ပျောက်သွားပေလိမ့်မည်။
ဒယ်အိုးတစ်ခါဆေးကြောပြီးနောက်တွင် သူက ရေကိုပြန်ဖြည့်လိုက်ကာ ယခင်ကအတိုင်း ထပ်မံဆူပွက်စေပြန်သည်။ သူက ခပ်ပါးပါးလှီးထားသောဂျင်းနှင့် ကြက်သွန်မြိတ်များကိုလည်း ထည့်သည်။ စွပ်ပြုတ်ရည်ကို အပူချိန်မြင့်မြင့်ဖြင့် ဆူပွက်အောင် လုပ်ပြီးနောက်တွင် အရာအားလုံးကို သူက စမတ်ထမင်းပေါင်းအိုးထဲသို့ ထည့်လိုက်ကာ အပူချိန်မြင့်ခလုတ်ကိုနှိမ့်ပြီး နှပ်ခိုင်းထားလိုက်တော့သည်။ မိနစ် ၃၀ ကြာလျှင်ကျက်သွားပေလိမ့်မည်။
အရိုးစွပ်ပြုတ်က အချိန်အတန်ကြာနှပ်ထားရန် လိုအပ်ပြီး ထိုအခါမှသာလျှင် စွပ်ပြုတ်၏အရသာနှင့်အသားအရသာ ကောင်းမွန်သည့်အရသာများက ရောယှက်သွားမည်ဖြစ်သည်။ သို့ရာတွင် ယွမ့်ထန်းက ထိုမျှအချိန်အများကြီး အသုံးပြုမည်မဟုတ်ပေ။ ယွမ့်ယွီ၏ကုသမှုတစ်ခုလုံးက သုံးနာရီသာလျှင်ကြာသည်။ သူက ယွမ့်ယွီက မပြီးဆုံးခင် ဆေးရုံသို့ အလျှင်အမြန်ပြန်ရအုံးမည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုထမင်းပေါင်းအိုးက ဖန်ရှင်အမြောက်အမြားပါပြီး လျှပ်စစ်ဖိအားထမင်းပေါင်းအိုးအပြင် ချက်ပြုတ်အဖြစ် ပြောင်းချက်နိုင်သည့် ခလုတ်လည်း ပါဝင်သည့်အတွက် အချိန်ကိုတိုအောင် လုပ်ပေးနိုင်စွမ်းရှိသည်။ သို့ရာတွင် အာဟာရဓါတ်က အားလုံးအတူတူသာလျှင်ဖြစ်နေမည်သာဖြစ်သည်။
စောင့်နေချိန်တွင် ကြက်သွန်ဖြူတရုတ်ဟင်းနုနွယ်ရွက်ကြော်ထားရန် အချိန်လုံလောက်သည်။ အသားနှင့် ဟင်းသီးဟင်းရွက်ပေါင်းစပ်ကြော်ခြင်းအတွက်ပင် ဖြစ်စေ၊ အာဟာရဖြည့်စွက်ရန်အတွက်ပင်ဖြစ်စေ ဟင်းသီးဟင်းရွက်များက ခန္ဓာကိုယ်အတွက် အလွန်အကျိုးကျေးဇူးပေးနိုင်လေသည်။
[သိုးမွှေးရှစ်ထည်ပါးပါး .. ဟေး ဘာလို့ဒီဟင်းက နီရဲနေတာလဲ ထူးဆန်းလိုက်တာ]
[ထရန်စပါးရန့်လေး .. ဒါက ရှော့ပင်းဆိုက်မှာ အသစ်ရတဲ့ ပါဝင်ပစ္စည်းတွေ အသစ်ဖြစ်လောက်တယ်၊ တင်ဆက်သူက တကယ်အံ့ဩဖို့ကောင်းတာပဲ၊ အဲဒီမှာအသစ်ထွက်တိုင်း သူက ပထမဦးဆုံးချက်ပြတယ်]
[ရွှိန်မူချန်း .. ဒါက အရသာရှိမှာပဲ]
ယွမ့်ထန်းက အောက်မှ အရိုးရင့်များကို ဖယ်ရှားလိုက်ပြီး နူးညံ့သောအပိုင်းကိုသာ ချန်ထားရစ်ခဲ့သည်။ ထို့နောက် သူက ဆေးကြောသန့်စင်ပြီးသည်နှင့် ခြောက်အောင်ထား လိုက်သည်။ သူက ဒယ်ပြားထဲသို့ တစ်ဖန်ဆီထည့်လိုက်ကာ အပူပေးပြီး ဆီကပူလာချိန်တွင် ကြက်သွန်ဖြူနှင့် သူ အသင့်ပြင်ထားပြီးသား ပါဝင်ပစ္စည်းတို့ကိုထည့်လိုက်ကာ မွှေးပျံ့လာအောင်စောင့်သည်။ ထို့နောက် အပူချိန်မြင့်မြင့်ဖြင့် ဟင်းနုနွယ်ရွက်များအားလုံးကို ထည့်ကာမွှေလိုက်လေသည်။ သိပ်မကြာခင်မှာပင် ပုံသဏ္ဍာန်က ချက်ချင်းဆိုသလိုနူးညံ့သွားပြီး ဆီ၏ထောက်ပံ့မှုကို ခံလိုက်ရကာ အရောင်က အနီရောင်အရည်များအဖြစ် အလှဆင်ခံရတော့သည်။ ထို့နောက် သူက ဆားနည်းနည်းထည့်ကာ အရသာခပ်ပြီးသည်နှင့်ပြီးဆုံးသွားလေပြီ။ ထို့ကြောင့် လုပ်ရလွယ်ကူကာ ရိုးရှင်းသောဟင်းလျာများဟု ဆိုနိုင်သည်။
[ရန်ကွေ့ .. ဝိုး ဒီဟင်းရွက်တွေက အရမ်းနူးညံ့နေတာပဲ၊ လတ်လတ်ဆတ်ဆတ်လည်းရှိပြီး အရည်လည်းရွှမ်းတယ်၊ တကယ်စားလို့ကောင်းတယ် ငါ ကြိုက်တယ်]
[ကောင်းကင်က ပန်းတွေကျလာပြီ .. ဝိုး တကယ်ချက်လို့လွယ်တာပဲ၊ ငါလည်း ဒီအရွက်ဟင်းကိုကြိုက်တယ်၊ ငါ ဒီဟင်းချက်တာကို လေ့လာထားသင့်လောက်တယ်]
ကြည့်ရှုသူများက အသားဓါတ်များသော ဟင်းလျာများကို သဘောကျကြသည့်တိုင်အောင် ကြက်သွန်ဖြူ တရုတ်ဟင်းနုနွယ်ရွက်ကြော်ကိုမူ သဘောကျမှု မြင့်မားနေလေသည်။
သူက ထိုဟင်းလျာကို ပြင်ဆင်ပြီးနောက်တွင် နံရိုးအနှစ်ဟင်းလျာက နှပ်၍ ပြီးလုနီးပါးဖြစ်နေလေပြီ။ ယွမ့်ထန်းက အဖုံးကိုဖွင့်ကြည့်ကာ တူဖြင့်ထိုးကြည့်ပြီး နူးညံ့ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးလိုက်သည်။ သူက ဟင်းနုနွယ်ရွက်ကြော်အချို့ကို ပန်းကန်လုံးတစ်လုံးစာ ထည့်လိုက်ပြီးသည်နှင့် ထိုအိုးထဲသို့ အနီရောင်အချဉ်များကိုလည်း ထည့်လိုက်သည်။ ရွှေရောင်နှင့်အနီရောင် ရောယှက်နေသော ဟင်းရည်က ပြစ်လာကာ နံရိုးပတ်ပတ်လည်တွင်ဝိုင်းကာ လွှမ်းခြုံသွားတော့သည်။ အချိန်အတန်ကြာပြုတ်ထားသောကြောင့် အရသာများကို နံရိုးများက အပြည့်အဝစုပ်ယူသွားပြီဖြစ်ပြီး ကြည့်ရုံဖြင့်ပင် အရသာရှိမှန်းသေချာနေကာ မွှေးပျံ့လွန်းသည့်ရနံ့ကလည်း ပျံ့လွင့်နေတော့သည်။
နံရိုးတွေက အဆင်သင့်ဖြစ်ပြီး အားလုံးပဲမြည်းကြည့်လို့ရပါပြီ
နံရိုးများကို ပန်းကန်ပြားပေါ်သို့တင်ပြီးနောက်တွင် သူက ကြည့်ရှုသူများကို ဖိတ်ခေါ်ကာအရသာခံခိုင်းသည်။
[ဝတ်မှုံတွေကျလာပြီ .. ဘုရားရေ ဒီဝက်နံရိုးက အရမ်းအရသာရှိတာပဲ၊ သေချာနှပ်ထားတော့ နူးညံ့နေတာပဲ၊ ငါ အရိုးကိုတောင် အပြောင်ကိုက်လိုက်လို့ရတယ်]
[အေးစိမ့်နေတဲ့ရာသီဥတု .. ဟုတ်သားပဲ တကယ်အရသာရှိတယ်၊ ငါ ဒီအရိုးပါမကျန်အောင် ကိုက်စားပစ်ချင်နေပြီ]
[နေ့တိုင်း ဆယ်ပေါင်လောက်ဝနေတယ် .. ဒီလိုအရသာရှိတဲ့ဝက်နံရိုးမျိုးကို မဲနှိုက်လို့ မပေါက်နိုင်ဘူးဆိုတာကို တွေးကြည့်ရုံနဲ့တင် ငါ အရမ်းကိုနာကျင်ပြီး နှလုံးသားက ကွဲကြေတော့မယ်လို့ခံစားနေရပြီ၊ တင်ဆက်သူ တင်ဆက်သူ ပြန်လာတဲ့အချိန်မှာလည်း ထပ်လုပ်ရမယ်နော်၊ အဟင့်အဟင့် အဟင့်]
ထိုအရသာရှိသောနံရိုးဟင်းလျာ၏ အရောင်က ခမ်းနားတောက်ပကာနီရဲနေသည်။ အသားကလည်း အလွန်အမင်းနူးညံ့နေပြီး အရည်များကလည်း နံရိုးမျက်နှာပြင်ပေါ်တွင် သေချာလွှမ်းခြုံထားကာ အသားနှင့်အရိုးအတွင်းသို့ပင် ထိုးဖောက်ထားပြီးလေပြီ။ အသားတစ်ကိုက်ကိုက်လိုက်ရုံနှင့်ပင် ပါးစပ်အတွင်း ပျော်ဝင်ကျသွားသည်ဟုပင် ခံစားရသည်။ အချဉ်ရည်ကအ လွန်အမင်းအရသာရှိလွန်းလှကာ အသားကလည်း နူးညံ့လွန်းပြီး အလွန်ကောင်းမွန်နေလေသည်။ မျှော်လင့်ထားသည့်အတိုင်း ကြည့်ရှုသူများအားလုံးက အသားကိုပို၍သဘောကျကြပြီး ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သောလူများကပင် ပါးစပ်ထဲသို့ အရိုးများထည့်လျက် အလုပ်များနေကြသည်။ သုံးဘက်မြင် ဒေတာပုံရိပ်အနေအထားကြောင့် သူတို့က တစ်ခုမပြီးသေးခင် နောက်တစ်ခုကို အရသာမြည်းစမ်းနိုင်စွမ်းမရှိကြချေ။ ထို့ကြောင့် သူတို့ မည်မျှကြိုက်စေကာမူ တစ်တုံးပြီးတစ်တုံးသာလျှင် စောင့်စားနေကြတော့သည်။
[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. ဘယ်အချိန်မှာများ ဒီလိုအရသာရှိတဲ့အရာမျိုးကို အပြင်လောကမှာ စားလို့ရမှာလဲ ဝူး]
ယွမ့်ထန်းက ထိုအခြေအနေကိုမြင်သောအခါ ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။
“ကိုယ်ပြန်လာတဲ့အခါမှာ သေချာပေါက် ကြည့်ရှုသူတွေအတွက် မဲအများကြီး စီစဉ်ပေးမယ်လို့ ကတိပေးပါတယ်”
ကြည့်ရှုသူများကလည်း ဆက်ငိုမနေတော့ဘဲ သူတို့၏ကြီးမားသောအာသီတကို ပြေရန်အတွက်သာ ဆက်လက်အရသာခံနေလိုက်ကြသည်။
အရိုးစွပ်ပြုတ်က တစ်ခဏခန့်ကြာအောင်ချက်ရန် လိုအပ်လေသော် ကြည့်ရှုသူများက ဖြည်းဖြည်းစားရန်အချိန်ရလေသည်။ ထို့ကြောင့် သူတို့က ကျေနပ်သွားသည်အထိ ဆက်တိုက် အရသာခံနေကြသည်။
မိနစ် ၂၀ ခန့်နီးပါး အချိန်စောင့်ပြီးနောက်တွင် ယွမ့်ထန်းက မုန်လာဥဖြူကို ဆွဲထုတ်လိုက်ကာ ရေဖြင့်သေချာဆေးကြောလိုက်ပြီး အခွံခွာကာ အတုံးများတုံးသည်။ ထို့နောက် အဖုံးကိုဖွင့်ပြီး အရိုးစွပ်ပြုတ်အိုးထဲသို့ထည့်လိုက်သည်။ ထိုမုန်လာဥများက စွပ်ပြုတ်ထဲမှ အဆီဓါတ်ကိုသာလျှင် စုပ်ယူနိုင်စွမ်းရှိပြီး သဘာဝ၏ချိုမြိန်မှုက သက်ရောက်ခံရမည်မဟုတ်ချေ။ ထို့အပြင် အရိုးမှ မွေးပျံ့သည့်အရသာကလည်း အဖုံးဖွင့်လိုက်သည်နှင့် ပျံ့လွင့်ထွက်လာသေးလေရာ ကြည့်ရှုသူများအားလုံးက စိတ်လှုပ်ရှားသွားကြပြန်သည်။
[ယဲ့ဖုန်း .. အားဒီစွပ်ပြုတ်ကလည်း အရသာရှိမှာပဲ၊ အနံ့က ဆွဲဆောင်နေပြီ]
[အဒေါ်ကြီးက တင်ဆက်သူရဲ့လက်ချောင်းလေးဖြစ်ချင်တယ် .. ငါ ဒီလိုနံရိုးစွပ်ပြုတ်တွေ အများကြီးစားဖူးပါတယ်၊ ဘာလို့ ဒီတစ်ခုကပဲ အနံ့နဲ့တင် သရေကျစေတယ်လို့ ခံစားရတာလဲ]
[စုရီက ဘာမှမပြောဘူး .. ဟုတ်တယ် ဒီစွပ်ပြုတ်ကျက်ဖို့ ဘယ်လောက်တောင် ကြာမှာလဲ]
ကြည့်ရှုသူများအားလုံးက အစားသရဲများဖြစ်ကြသည်။ သူတို့က သူတို့၏ ပန်းကန်လုံးများမှ အရာများကို စားနေချိန်မှာပင် စွပ်ပြုတ်အိုးဘက်သို့ မျက်လုံးရောက်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့ စားလက်စအရာကိုပင် ဂရုမစိုက်တော့ဘဲ အာရုံက စွပ်ပြုတ်ထံသို့ရောက်သွားသည်။
ယွမ့်ထန်းက တူကို ထုတ်လိုက်ပြီး အရိုးနှင့်နံရိုးများကို တစ်ချက်စစ်ဆေးကြည့်ပြီးနောက် ပြုံးလိုက်သည်။
“၁၀ မိနစ်လောက်တော့ လိုအပ်သေးတယ်”
ကြည့်ရှုသူများက အော်ညည်းကြတော့သည်။ ထိုမျှအရသာရှိသော အနံ့ကိုခံပြီးနောက်တွင် ၁၀ မိနစ်တောင်ထပ်စောင့်ခိုင်းသည်ဖြစ်လေရာ သူတို့က ရက်စက်လွန်းသလို ခံစားရလေသည်။ သို့သော် ငိုလျှင်လည်း အသုံးမဝင်ချေ။ အရိုးနှင့် ထိုမုန်လာဥများက အပြည့်အဝနူးညံ့သွားသည်အထိ စောင့်ပြီးမှသာလျှင် သူတို့က စားနိုင်မည်ဖြစ်သည်။
“ကောင်းပြီ ကောင်းပြီ အခု အရည်တော့ သောက်လို့ရပြီ”
အချိန်ကျလာသည်အခါ ယွမ့်ထန်းက ထမင်းပေါင်းအိုးထဲမှ စွပ်ပြုတ်အိုးကို ထုတ်လိုက်သည်။ အရသာရှိသောအရိုးစွပ်ပြုတ်က ပန်းကန်လုံးထဲသို့ လောင်းထည့်ပြီးသောအခါ ကြည့်ရှုသူများအားလုံးက စတင်ကာ ချက်ချင်းဆိုသလို စားသောက်ကြတော့သည်။
ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သည်အထိ မုန်လာဥဖြူက အပြုတ်ခံထားရပြီး ဇွန်းဖြင့် ခပ်ယူပြီးသည်နှင့် ပါးစပ်ထဲသို့ရောက်သည့်အခါ အရည်ပျော်ကျသွားလေသည်။ ထို့အပြင် အဆီဓါတ်များကို စုပ်ယူထားသည့်တိုင်အောင် အထဲတွင်လည်း အသားဓါတ်က အပြည့်ပါဝင်နေသေးလေကာ အရသာ အလွန်ရှိလွန်းလှပြီး အသားကိုစားရသည်ထက်ပင် ပိုကောင်းနေသေးသည်။ အရိုးထဲမှ အသားကလည်းနူးညံ့ကာ အဆီကင်းနေသောကြောင့် အီခြင်းမရှိတော့ချေ။ စွပ်ပြုတ်အရည်ကလည်း မည်သူမျှ မှတ်ချက်မချနိုင်လောက်အောင် ကောင်းလွန်းနေခဲ့သည်။ အရသာက အသားဓါတ်အပြည့်အဝရှိပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အရသာခံချင်စိတ်ဖြစ်လာစေလေသည်။ ထို့ကြောင့် ယစ်မူးဖွယ်ကောင်းလွန်းလှသည်။
[မြစ်တစ်ဖက်ကမ်းက နောင်တတရား .. သေစမ်း ဒီစွပ်ပြုတ်က ကောင်းလွန်းမနေဘူးလား၊ တင်ဆက်သူ တင်ဆက်သူ မတိုင်ခင် ကိုယ့်ဘာသာကိုယ်ပဲ အရင်ဆုံး စမ်းလုပ်ထားကြည့်တော့မယ်]
[ကျွင်းမြောင်မြောင်က အိပ်ယာမထင်ချင်သေးဘူး .. ငါတို့ကိုကျွေးပါ အဟင့်အဟင့်]
“ဒီတစ်ကြိမ်မှာ အားလုံးအတွက် မဲနှိုက်မပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး၊ ကိုယ့်အနေနဲ့ ဆေးရုံသွားပြီး ညီငယ်ဖြစ်သူကို သွားတွေ့ဖို့ရှိနေသေးတယ်၊ ဒီတော့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီနေရာမှာပဲရပ်တန့်ပါရစေ၊ အားလုံးရဲ့အထောက်အပံ့အတွက် ကျေးဇူးတင်ပါတယ်”
ယွမ့်ထန်းက ကြည့်ရှုသူများကိုဦးညွှတ်ကာ တောင်းပန်ပြီးသည်နှင့် သူတို့၏ နားလည်မှုအတွက်လည်း ကျေးဇူးတင်လိုက်သည်။
[ဆားစိမ်ငါးကလည်းငါးပါပဲ .. ရပါတယ် တင်ဆက်သူ နောက်မှသာ ပြန်ပေးဆပ်ဖို့မမေ့နဲ့”]
[ယွဲ့ကျစ်ရှင်းက နှင်းကိုမှတ်မိတယ် .. တင်ဆက်သူနောက်မှ ပြန်ပေးဆပ်ဖို့မမေ့နဲ့၊ လောလောဆယ်တော့ တင်ဆက်သူရဲ့ညီငယ်လေး ပြန်ကောင်းလာဖို့ ဆုတောင်းပေးပါတယ်]
[ဆာကူရာတွေကျလာပြီ .. ဝါး တင်ဆက်သူရဲ့ညီငယ်လေး အမြန်ဆုံး ပြန်ကောင်းလာပါစေ]
ထိုသို့ဆုတောင်းများကြားတွင် ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
သူက ထိုသို့ပိတ်လိုက်ပြီးသည်နှင့် မီးဖိုခန်းထဲသို့ လူသုံးယောက်က အပြေးအလွှားဝင်လာကာ ထိုနေရာတွင် ပြုံတိုးနေတော့သည်။ ဝမ်ခွန်းနှင့် ကျန်းဖန်ကလည်း ပြန်ရောက်လာပြီထင်သည်။ သူတို့က ဟော်ယွန်ချန်းနှင့်အတူ အပြင်တွင် စောင့်ဆိုင်းနေကြလေသည်။ သူတို့က ရနံ့ကြောင့် ဆွဲဆောင်ခံရသည်မှာ ကြာလှချေပြီ။ သူတို့၏အစာအိမ်များကပင် အော်ဟစ်နေကြလေပြီ။ ယခုအခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားမှသာလျှင် သူတို့က သီးခံနိုင်ခြင်း မရှိကြတော့ဘဲ အပြေးအလွှားလာကြပြီး ထမင်းစားပွဲပြင်ကြတော့သည်။
“ဖြည်းဖြည်းလုပ်ကြပါ ဦးလေးခွန်း စွပ်ပြုတ်တွေ မှောက်သွားပါအုံးမယ်”
ယွမ့်ထန်းကရယ်ပြီး ထိုသုံးယောက်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်သည်။ ထိုသုံးယောက်က ဓါးပြများနှင့်ပင် တူနေသေးလေသည်။ သူတို့က ဟင်းလျာမည်မျှ ပူနေစေကာမူ ဂရုမစိုက်တော့ဘဲ ပန်းကန်ပြားများကို အသင့်ပြင်ဆင်နေကြသည်။
ယွမ့်ထန်းကလည်း ထမင်းဘူးကို ထုတ်လိုက်ပြီးနောက် စွပ်ပြုတ်နည်းနည်းနှင့် ဟင်းနုနွယ်ရွက်ကြော်ကို ယွမ့်ယွီအတွက် ကျွေးရန်ထည့်လိုက်သည်။ ဘူးကို သေချာလုံအောင် ပိတ်ပြီးနောက်တွင် သူကလည်း စားပွဲတွင် ဝင်ထိုင်လိုက်သည်။
ချက်ထားသော ထမင်းအပြည့်ရှိနေသည့် အခြားသောထမင်းပေါင်းအိုးတစ်ခုကို ယူထုတ်လိုက်ပြီးနောက်တွင် စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထိုမှသာလျှင် သူတို့လိုချင်သလောက် စားနိုင်မည်ဖြစ်သည်။
သည်နေရာတွင ဟင်းနှစ်ခွက်နှင့် စွပ်ပြုတ်တစ်ခွက်သာလျှင် ရှိနေသည့်တိုင်အောင် ဝေစုက အလွန်များနေသောကြောင့် လူလေးယောက်က သက်တောင့်သက်သာဖြင့် အဝစားနိုင်ကြလေသည်။ ဟော်ယွန်ချန်းက ယွမ့်ထန်းနှင့်အတူ ယွမ့်ယွီကို စွပ်ပြုတ်ပို့ပေးရန် ဆေးရုံသို့ပြန်သွားသည်။
အချိန်ကိုတွက်ချက်ပြီးနောက်တွင် ယွမ့်ယွီက ကုသမှုပြီးလောက်ကာစဖြစ်ပြီး ဆေးဖန်ပေါင်းချောင်ထဲမှ ထွက်လာလေပြီ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now