အပိုင်း - ၁၄(Unicode)

2.2K 202 47
                                        

                    အစိုင်အခဲ

      မုန်တိုင်းဆဲသည့်အခါ အပျက်အစီးအယိုအယွင်းအကြွင်းအကျန်တို့နေရာအနှံ့ပြန့်ကျဲနေသကဲ့သို့ ‌နန်းရေကြည်အတွက်အချစ်မုန်တိုင်းတိုက်ခတ်ပြီး၍ အပျက်အစီးတို့နှင့်တကွ စိတ်ရောကိုယ်ပါအလူးအလဲကျဆုံးချိန်။တစ်ဖက်အိမ်တွင် လင်ကိုယ်မယား၏ရယ်မောသံ၊ချစ်ခွန်းခြွေသံတို့ကနေ့စဉ်နှင့်အမျှ ပျံ့လွင့်နေပေလိမ့်မည်။တစ်ဖက်အိမ်အခန်းငယ်အတွင်းမှ ဆွေးမြေ့ငိုရှိုက်‌သံတို့ကို မည်သူမှကြားနိုင်မည်မဟုတ်ချေ။

       အချစ်တစ်ခုအတွက်စတေးခဲ့သောနှလုံးသားတစ်စုံသည် ဤအချိန်တွင်ခြေကုန်လက်ပန်းကျနေခဲ့ပြီဖြစ်သည်။ဆန္ဒအတိုင်းဖြစ်မလာခဲ့သည့်အချစ်ကို ယူကြုံးမရအပြစ်တင်နေရုံကလွဲပြီး အခြားမရှိ။နေ့စဉ်လုပ်ငန်းဆောင်တာများကို စက်ရုပ်တစ်ရုပ်သဖွယ် လုပ်ဆောင်နေပါသော်လည်း နှလုံးသားမှာအသက်မဲ့နေသော နန်းရေကြည်အတွက် လောကကြီး၏သနားကြင်နာမှုမှာ အဘယ်သို့ရှိမည်နည်း။

        ‌ထို့အတူ နန်းရေကြည်အပေါ်မေတ္တာထားချင်သည့် တစ်စုံတစ်ယောက်သည်လည်း ယနေ့ နန်းရေကြည်၏အနားကိုဆိုက်ဆိုက်မြိုက်မြိုက် ပြန်လည်ရောက်ရှိလာခဲ့တော့သည်။ပိတ်ရက်ဖြစ်၍ အိမ်တွင်ရှိမည်ကိုအတပ်သိသည့်အတွက် ဒေါ်နှင်းရည်သန့်ရေကြည်တို့အိမ်ဘက်လှည့်လာခဲ့လေသည်။အမြဲလိုလို ‌ကလေးများကျောင်းဆင်းချိန်မှအားတတ်သော်လည်း ယခုကျောင်းပိတ်ချိန်ဖြစ်၍ အချိန်မှာယခင်ကထက်လစ်လပ်လာသဖြင့် မနက်စောစောထွက်လာခဲ့တော့သည်။

      အိမ်ရှေ့တွင်ကားရပ်လိုက်ပြီးနောက် ကားတံခါးဖွင့်၍ အိမ်ထဲတွင်လူရှိမရှိခဏရပ်ကြည့်နေရာ ဦးနောင်ရိုးမှာပွဲရုံသွားရန် အိမ်ပြင်အထွက်နှင့်ကြုံသဖြင့် -

"ဘယ်သူနဲ့တွေ့ချင်လို့လဲ"

"ကျွန်မနှင်းရည်သန့်ပါ ‌မမရွှေဆီလာတာပါ"

"မမရွှေတစ်ယောက်ရော ရှိရဲ့လား"

"ရွှေဧည့်သည်လား"

"ရွှေရှိပါတယ် မီးဖိုခန်းထဲမှာ"

"ရွှေပြောပြထားတဲ့ သန့်သန့်ဆိုတာများလား"

သီတာရေကြည်(Completed) Where stories live. Discover now