💕 - 7

1.5K 55 2
                                    

✍️ Unicode

ဒီနေ့တော့ မနက်တိုင်းရောက်လာနေကြနှင်းမှုန်တွေရောက်မလာခဲ့ဘူး။ဘယ်တွေများခရီးလွန်နေကြတယ်မသိဘူး။

နှင်းမှုန်နှင်းစက်တွေမရှိတဲ့အခါ နေမင်းဟာအရှေ့အရပ်ကနေရဲရဲဝံ့ဝံ့ထွက်လာတယ်။သူပိုင်ဆိုင်တဲ့ရောင်ခြည်တွေနဲ့ကမ္ဘာမြေကိုပွေ့ဖက်တယ်။

စိုးစိုးစီစီနဲ့အိပ်တန်းထလာကြတဲ့ငှက်ကလေးတွေကအစာရှာထွက်ကြဖို့အတွက် မိသားစုကိုနှုတ်ဆက်နေကြတယ်။အသိုက်ထဲကငှက်ကလေးတွေက သူတို့အဖေနဲ့အမေကို သူတို့စားချင်တာတွေမှာနေကြဟန်တူပါရဲ့။

ငှက်ကလေးတွေရဲ့အသံနဲ့အပြိုင် ဘိုးညီရဲ့ခြံထဲမှာ လူသံသူသံတွေဆူညံလို့နေတယ်။နေမင်းခန့်တို့ရောက်နေတဲ့ ဘိုးညီရဲ့အိမ်ကြီးထဲမှာလူတွေတော်တော်များများစုမိနေကြတာမို့ စကားပြောသံအလုပ်လုပ်နေကြတဲ့အသံတွေဟာ သစ်ပင်ပေါ်ကငှက်လေးတွေရဲ့အသံကိုတောင်လွှမ်းသွားမတတ်ပဲ။

ဒီလူတွေက အလကားသက်သက်အားလို့အလည်ရောက်လာကြတာမဟုတ်ပါဘူး။နေမင်းခန့်တို့ကဈေးဆိုင်လေးဆောက်ချင်တယ်ဆိုတော့ ကူညီကြဖို့အတွက် ဘိုးညီမျက်နှာနဲ့ရောက်လာကြတဲ့ရွာထဲကလူတွေ။

နေမင်းခန့်တို့ဒီအိမ်ကြီးကိုရောက်တာအခုဆိုတစ်လပြည့်ခဲ့ပြီ။အလုပ်မရှိဘဲအား‌နေတော့နေမင်းခန့်မနေတတ်တော့ဘူး။ဒါ့ထက်ပိုပြီးဘိုးညီ‌ကျွေးတာကိုထိုင်စားနေရတာလည်းအားနာလှပြီ။

လစဉ်ထောက်ပံ့နေကြဂေဟာမှူးကလည်းပါးစပ်ကထုတ်မမေးရင်တောင် ထောက်ပံ့ငွေကိုမျှော်တော့မျှော်မှာပဲ။မောင့်လက်ထဲမှာရှိထားတဲ့ပိုက်ဆံကလည်းအရမ်းမသုံးရဲသေးဘူး။အလုပ်ပြန်စရင်အရင်းအနှီးကလိုလာမယ်မို့လား။

ဘိုးညီကလယ်တွေယာတွေရောင်းသုံးဖို့ပြောပေမဲ့ဖြစ်နိုင်ရင်မရောင်းချင်ဘူး။နေမင်းခန့်ထက်မောင်ကကို ပိုမရောင်းချင်တာ။ကိုယ့်ဟာကိုယ်ပဲကြိုးစားလုပ်ကြည့်ချင်တယ်တဲ့။

နေမင်းခန့်လည်းမောင့်လိုပဲတွေးထားတာပါပဲ။အရီးထွေးညိုတို့အဖွားအေးညိုတို့ပြောတဲ့အရင်ဘဝဆိုတာတွေလည်းခေါင်းထဲသိပ်ထည့်မနေတော့ပါဘူး။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now