ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)
Chapter (51)
ထူးဆန်းသော မျက်နှာ
ထိုအချိန်တွင် ဦးလေးသုံးသည် မျက်စိကွယ်သွားသလို မျက်လုံးတွေ ပြူးကျယ်သွားကာ ဦးခေါင်းထက်ရှိ ဦးရေပြားပေါ်က ချွေးပေါက်များက ကြက်သီးတဖျင်းဖျင်း ထသွားပြီး ဆံပင်မွေးတွေပါ ထောင်တက်သွား၏။ သူ အကျယ်ကြီး အော်ဟစ်မိသွားသည်။ သူ့လက်ထဲက မီးတုတ်ကို လွှဲရိုက်လိုက်ရာ လက်က လျှို့ဝှက်တံခါးနဲ့ ရိုက်မိသွားသည်။
ရိုက်မိသွားခြင်း၏ အကျိုးသက်ရောက်မှုကို ဂရုမစိုက်ဘဲ လျှို့ဝှက်တံခါး လမ်းကြောင်းနှင့်ဝေးရာသို့ ချက်ချင်း ပြန်ဆုတ်သွားမိသည်။ သူ့နှလုံးမှာ အထိတ်တလန့် ခုန်ပေါက်ရလွန်းလို့ လည်ချောင်းထဲမှ ခုန်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။
သူ့ဘာသာ တွေးလိုက်မိတာက 'ဘာလဲ! ယင်စွမ်းအင်ကို ထုတ်လွှတ်တဲ့ ဒီလိုရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ ဖုတ်ကောင်တွေလည်း ရှိသေးတာလား။ အားလုံးက အသေကောင်တွေလေ။ မဖြစ်နိုင်ဘူး။ သင်္ချိုင်းခန်းကို ဖွင့်လိုက်တာနဲ့ သင်္ချိုင်းတွင်းက လေက ထွက်လာပြီး အပြင်ကလေဟာလည်း အချိန်တိုအတွင်းမှာပဲ စီးဝင်သွားမှာ။ အလောင်းကောင်က ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ မလွှဲမရှောင်သာ လှဲအိပ်ပြီး ပုပ်စပြုလာရမှာပဲ' ဟုပင်။ အလောင်းတစ်လောင်းကို ဆယ်စုနှစ်များစွာ အသွင်ပြောင်းနေနိုင်တယ် ဆိုတာ အဓိပ္ပာယ်မရှိပေ။
ခုနက မြင်လိုက်ရတဲ့ ထူးဆန်းတဲ့ မျက်နှာက ဖော်မပြနိုင်လောက်အောင် ကြောက်စရာကောင်းကာ ဦးလေးသုံးမှာ တစ်ခါမှပင် မမြင်ဖူးပေ။ ဒါလုံးဝ သာမန်ဖုတ်ကောင် မဟုတ်တာကြောင့် ဒဏ္ဍာရီဆန်ဆန် သွေးဖုတ်ကောင်များ ဖြစ်မလားဟု ရုတ်တရက် အတွေးဝင်လာ၏။ ဒါပေမဲ့ အချိန်အတော်ကြာအောင် တွေးကြည့်ပြီးတဲ့ နောက်မှာတော့ သူတကယ်ကို ဘာမှမသိတာကို ခံစားလိုက်ရသည်။
ချောင်ရှား ဧရိယာထဲတွင် သွေးအလောင်းများနှင့် ပတ်သက်သည့် ဒဏ္ဍာရီအများစု ရှိကြသည်။ ယေဘူယျအားဖြင့် အနီရောင် ရွှံ့နွံထဲမှ တူးဖော်ထားသော ရှေးဟောင်း ဂူသင်္ချိုင်းများကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ဂူသင်္ချိုင်းတွင်းက အခြေအနေ မည်သို့ပင်ရှိစေကာမူ ၎င်းတို့အားလုံးကို သွေးအလောင်းဂူသင်္ချိုင်းဟု ခေါ်ကြသည်။
YOU ARE READING
ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (mm trans) volume 1 & 2 &3 &4
Historical FictionThe lost tomb LAရဲ့ novelပါ
