အခန်း​ ၉၀ ။ ငါး​ယောက်​တစ်ယောက်​ရင်ဆိုင်​ခြင်း

17 1 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်

June 22, 2024

အခန်း​ ၉၀ ။ ငါး​ယောက်​တစ်ယောက်​ရင်ဆိုင်​ခြင်း

“အတင့်ရဲလိုက်တာ”

ကျန်း​ချန်​ရွှမ်၏စကား​ကိုကြားလျှင် လင်း​ဝေယွမ်​အပါအဝင်​ ငါး​ဦး​လုံး​ ဒေါသပေါက်ကွဲသွားကြသည်။ ရှန်း​မျိုး​နွယ်စု၏ သာမန်​အကြီးအကဲတစ်ယောက်က သူ့ကို ယခုလိုစော်ကားဝံ့မည်ဟု လင်း​ဝေယွမ်​ မထင်ထားသလို ရှန်း​မိသားစု​က သူတို့​လင်းမိသားစု​ကို အာခံဝံ့လိမ့်မည်ဟူ၍လည်း မျှော်လင့်​ထား​ခြင်းမရှိပါ။ လင်းဝေယွမ်၏မျက်လုံး​များ​တွင် ရက်​စက်​ကြမ်း​ကြုတ်​သည့် အရိပ်​လက္ခဏာ​များ ပေါ်လာတော့သည်။ မမျှော်လင့်ဘဲ ယခုလို​အခြေအနေ​မျိုး ဆိုက်​လာပြီဖြစ်၍ တိုက်ခိုက်ရန်မှလွဲ၍ အခြား​မရှိတော့ဟု လင်း​ဝေယွမ်​ ဆုံးဖြတ်​လိုက်သည်။ လင်းမိသားစုအနေနှင့် ရွေး​ချယ်​ပြီးသား မြေနေရာကို စွန့်​လွှတ်​ရန်​ အစီအစဉ်​မရှိသလို သည်​နေရာကို ရှန်း​မိသားစု​က အသည်းအသန်​ကာကွယ်​နေသည်​ကို ထောက်​လျှင်​ သည်​အနီး​ဝန်း​ကျင်​တွင် လျှို့ဝှက်​ချက်​တစ်ခုခု ရှိရမည်ဟု သူတွေးပြီးဖြစ်သည်။

ရှန်းယွမ်လုံနှင့် ထိပ်​တိုက်​တွေ့မည်ကို စိုးရိမ်၍ အစပထမက ရှန်း​မျိုး​နွယ်စုကို ရန်ပြုရန် အစီအစဉ်မရှိသော်လည်း ယခုအခါ​ အကြောင်း​ပြချက်​ကောင်း​ကောင်း​ ရှိသွားပြီဖြစ်သည်။ ကျန်း​ချန်​ရွှမ်​ဆိုသော ရှန်း​မျိုး​နွယ်စု​ဝင် အကြီးအကဲ​တစ်ဦးက သူတို့​ကို​စော်ကား​လိုက်​ပြီ မဟုတ်​ပါလား။

လင်း​ဝေယွမ်က ထို​စုံတွဲ​ကို သတ်​ပြီးလျှင် သည်နေရာတစ်ခုလုံးကို အစီအရင်​ကွက်များဖြင့် ကာရံပြီး အပြီး​သိမ်းယူလိုက်မည်ဟု စိတ်​ကူး​လိုက်​သည်။ ထို​အချိန်​ရောက်၍ ရှန်းယွမ်လုံကိုယ်တိုင် ရောက်​လာလျှင်ပင် စိုး​ရိမ်​စရာ​မလိုတော့ဘဲ ခံစစ်အစီအရင် အကူအညီ​ဖြင့်​ သူတို့​ဘိုး​ဘေးက ရှန်းယွမ်လုံကို အနိုင်​ပင်ပိုင်းနိုင်လိမ့်မည်ဟု လင်း​ဝေယွမ်​တွေးမိ​သည်။ ရှန်းယွမ်လုံသေလျှင် ရှန်းမိသားစု​တွင် သူတို့​ကိုခြိမ်းခြောက်နိုင်မည့်သူ ရှိတော့​မှာ မဟုတ်​သလို​ တစ်​ချိန်​တည်း​တွင် ဟုန်​မိသားစု၏ ဆုလာဘ်ချီးမြှင့်ခြင်းကိုလည်း ခံရမည်မလွဲပါ။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now