Part 9

23.5K 2.7K 141
                                    

ရှိသမျှ မီးခလုတ်များကို လိုက်ဖွင့်နေသော ဒီမိုးယံကိုကြည့်ရင်း ရှိုင်းထွဋ် ရယ်လည်းရယ်ချင်သည်။ စိတ်လည်းပျက်လာသည်။ ရုံးခန်းတစ်ခုလုံး ထိန်ထိန်လင်းနေသည်မှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်တူနေပြီဖြစ်သည်။

"ထွဋ်လေး။"

လာပြန်ပြီ။ ဒီအခေါ်အဝေါ်က။ ရှိုင်းထွဋ် မကြားချင်ယောင်ဆောင်ကာ ရေသည်ပြဇာတ်ကို ဆက်ဖတ်နေလိုက်သည်။ ဒီစာအုပ်ကို ထည့်ယူလာသည်မှာ ခက်ဆစ်ကျက်ရန်ဖြစ်သည်။ ဒါပေမယ့် စလေဦးပုည၏ ပြဇာတ်အရေးအသားမှာ သူ မြောပါကာ စာကျက်ဖို့မေ့ကာ အဆုံးထိ ဆက်ဖတ်နေခြင်းဖြစ်သည်။ အခု ရေသည်ယောက်ျားပြောသည့် ဆံထုံးတော်ကြီး၊ တမာသီးနေချိန်မှာ ဒီမိုးယံကောင်းမှုကြောင့် စာဖတ်ရပ်သွားရခြင်းဖြစ်သည်။

"ထွဋ်ထွဋ်။"

"ဘာလဲကွာ။"

ရုံးခန်းတစ်ခုလုံးကို ဒီမိုးယံ ဖုန်သုတ်ပြီးဖြစ်သည်။ တံမြက်စည်းကိုလည်း ပြောင်စင်အောင် တစ်ခန်းလုံးကို လှည်းပြီးနေပြီ။ ဒီကောင်က ဒါမျိုးအလုပ်တွေကိုတော့ ကောင်းကောင်းလုပ်တတ်တာ သူ သိသည်။ ပုံစံက ကြမ်းသလို၊ မာသလို ထင်ရပေမယ့် အိမ်မှုကိစ္စများတွင် မိခင်ဖြစ်သူကို မိန်းကလေးတစ်ယောက်လို ကူညီလုပ်ကိုင်ပေးတတ်သည်ကို သူ သိလို့လည်း အခုသန့်ရှင်းရေးအလုပ်အတွက် သီးသန့်တာဝန်လွှဲပေးလိုက်ခြင်းဖြစ်သည်။ သူကတော့ မိခင်ဖြစ်သူ ဒေါ်မိမိတင်တစ်ယောက် ဆူချင်သလောက်ဆူပါစေ။ အိမ်အလုပ်များကို ဘယ်တုန်းကမှ ကူလုပ်ပေးဖို့ စိတ်ကူးမရှိ။

"ထွဋ်ထွဋ်...ငါနဲ့ ခဏလိုက်ခဲ့ပေး။"

"ဘယ်သွားမလို့လဲ။"

"အမှိုက်သွားပစ်ရမယ်။"

"သွားပစ်လေ။ အဲဒါ ဘာဖြစ်လဲ။"

စာပြန်ဖတ်ရန် ခေါင်းအငုံ့ သူ့ရှေ့မှ စာအုပ်ကို ဒီမိုးယံက ဖျတ်ခနဲ ဆွဲဖယ်လိုက်သည်။

"မင်းအမေ မသန်းမေကို ကြောက်လို့ပေါ့ကွ။"

ရှိုင်းထွဋ် ခွီးခနဲ ရယ်ချလိုက်သည်။ ကိုယ့်သိက္ခာကိုမှ ကိုယ်မထောက်။ ဒီလောက်ဝန်ခံနေပုံရလျှင် တကယ်ပင် ကြောက်နေပုံရသည်။ ဆီးစေ့မျက်နှာလေးလောက်သာရှိပေမယ့် chihuahua ခွေးငယ်လို မာန်ဖီဒေါသထွက်ပြနေသည့် ဒီမိုးယံကိုကြည့်ရသည်မှာ တော်တော်တော့ အရသာရှိသည်။

ဆူးWhere stories live. Discover now