အပိုင်း (၃)

10.5K 897 10
                                    


“မို့ရန်…. ငါတို့ ခရီးထွက်ဖို့ လိုတဲ့ပစ္စည်းစာရင်း ငါလုပ်ထားတယ်….”

“အင်း…”

“နင် ကြည့်ကြည့်ဦး… လိုတာထပ်ဖြည့်လိုက်…”

“အေးပါဟ… ခဏနေပါဦး…”

သောက်လက်စ အအေးဘူးကို စားပွဲပေါ်တင်လိုက်ပြီး ရှောင်ဖေးလှမ်းပေးသည့် စာရွက်ကို ယူကြည့်လိုက်သည်။

“ခရီးသွားအိပ်ယာ… တောင်တက်ဖိနပ်… အနွေးထည်….. ရွက်ဖျင်တဲ…”

“ဟမ်… ရွက်ဖျင်တဲ…ရှောင်ဖေး အဲဒါက င့ါမှာရှိတယ်… ထပ်ဝယ်ဦးမလို့လား…”

“အခုသွားမယ့် ခရီးက ရာသီဥတု မငြိမ်ဘူး… ပြီးတော့ အကြမ်းခံတဲ့ ရွက်ဖျင်တဲမှ ရမှာ… ကပ်စေးနည်းမနေနဲ့…”

“ပြီးရော…. သွားကြစို့…”

လက်လီလက်ကား ရောင်းသည့် မားကတ်သို့သွားကာ လိုအပ်သည်များကို ဝယ်ခြမ်းကြသည်။ အစားအသောက်ကအစ အသေးစိတ် စီစဉ်တတ်ကြသူတွေမို့ ပစ္စည်းတွေက ထင်တာထက် များနေပြန်သည်။ ဝယ်စရာရှိတာများ ဝယ်ပြီးနောက် နှစ်ဦးသား လမ်းခွဲကြသည်။

“မို့ရန်…. နင် ကင်မရာ ယူခဲ့ဦးနော်…”

“အင်း အင်း… ငါ မမေ့ပါဘူး…”

“ဘိုင့်ဘိုင်… မနက်ဖြန် ညနေမှ ပြန်တွေ့မယ်…”

“ဘိုင့်ဘိုင်…”

အိမ်ရောက်သည်နှင့် ခရီးသွားရန်အတွက် အဝတ်ထုတ် ပြင်ရပြန်သည်။ ခရီးသွား ကျောပိုးအိတ်ကို ယူပြီး လိုအပ်သည့် ပစ္စည်းများကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင် ထုပ်ပိုးသည်။ ခရီးက အသွားအပြန်အပါအဝင် ဆယ်ရက်ခန့် ကြာမည်ဖြစ်သောကြောင့် ခရီးသွားနေကျ သူမအဖို့ များများစားစား ယူစရာမလိုချေ။ ဒီတစ်ခေါက် ခရီးက အရင်သွားဖူးနေကျ နေရာနှင့် ကွဲပြားစွာ ရွေးချယ်ထားသည်။ ရှေးဟောင်းမြို့ဖြစ်ခဲ့ဖူးသည့် နေရာတစ်ခုသို့ ခရီးထွက်မည်ဆိုပြီး ရွေးထားခြင်း ဖြစ်သည်။ တောင်တက်မည့် နေရာတို့လည်း ရှိသဖြင့် တောင်တက်ဝါသနာပါသည့် ရှောင်ဖေးနှင့် သူမအဖို့ အံကိုက်ဖြစ်သွားခြင်းပင်။ ဖုန်း၊ power bank၊ ကင်မရာသုံး ဘတ္ထရီတို့ကို အားပြည့်အောင် သွင်းပြီးနောက် သူမလည်း အိပ်ယာဝင်တော့သည်။ သူမလည်း ခရီးသွားရန်အတွက် အားပြည့်ဖို့ လိုသည်မဟုတ်လား။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now