Chapter 9.9.3

12.9K 1.7K 26
                                    

"ခင်ဗျားဘယ်လိုလုပ်သိတာလဲ??" ဒေါက်တာလဲ ပြန်ဝင်စားလာတာများလား?? ဟုတ်မယ်!! သူတို့သုံးယောက်လုံးက တစ်ချိန်ထဲနီးပါး အတူတူသေခဲ့ကြတာ၊ ခေါင်းဆောင်နဲ့ ကျောက်လင်ဖုန်းတို့နှစ်ယောက်ပဲ ပြန်ဝင်စားလာတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။

လိန်ချွမ်းလဲ ဒေါက်တာ့ကို မသိမသာစိုက်ကြည့်လိုက်တယ်။ ဒါပေမယ့် ဒေါက်တာက ပြန်ဝင်စားလာတာဆိုလဲ သူဂရုမစိုက်ဘူး။ ဒေါက်တာ သူ့ဘေးနားမှာရှိနေတယ်ဆိုတာနဲ့တင် သူ့အတွက် အရာအားလုံးပြည့်စုံပြီ။

အရှေ့ခုံကိုမှီရင်း ဒေါက်တာလုပ်သမျှကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေတဲ့ ရှောင်လီက ကော်ကျစ်ရိန်အမေးကို ဒေါက်တာ့အစားပြန်ဖြေလိုက်တယ်။ "ဒေါက်တာက အစိုးရအာကာသစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဂြိုလ်တုစနစ်ကို Hack ခဲ့လို့ ဥက္ကာခဲပျံတစ်စုက ကမ္ဘာမြေဆီကိုချဉ်းကပ်လာနေတယ်ဆိုတဲ့ ဂြိုလ်တုကနေ သတိပေးချက်တစ်ခုကိုရလိုက်တာ"

တကယ်ဆို ဒေါက်တာက တစ်နိုင်ငံလုံးရဲ့ ရှိသမျှဂြိုလ်တုစနစ်တွေအကုန်လုံးနီးပါးထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ရှောင်လီတစ်သက် အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ လျှို့ဝှက်သတင်းအချက်အလက်အမြောက်အများကို ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါတွေအားလုံးကို ဒေါက်တာက ပန်းခြံထဲမှာအပျင်းပြေလမ်းလျှောက်သလိုမျိုး အေးအေးဆေးဆေး သာသာယာယာလေးပဲလုပ်သွားတာ။

တစ်ခါတုန်းက အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်က A နိုင်ငံရဲ့ စစ်တပ်ပိုင် လျှို့ဝှက်သတင်းအချက်အလက်တွေ သိမ်းဆည်းထားတဲ့ စနစ်ကို Hack ခဲ့ဖူးတယ်။ နောက်ဆုံးမှာ ထိုလူငယ်လေး အဖမ်းခံလိုက်ရပေမဲ့လဲ ရှောင်လီအပါအဝင် နည်းပညာနယ်ပယ်ထဲကလူအများစုက ထိုလူငယ်လေးကို ကမ္ဘာ့အတော်ဆုံး Hacker တစ်ယောက်အဖြစ် တင်စားခဲ့ကြဖူးတယ်။

ဒါပေမဲ့ အဲ့ဒီလူငယ်လေးရဲ့အောင်မြင်မှုက ဒေါက်တာနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူးဆိုတာ ရှောင်လီနောက်ဆုံးတော့ နားလည်သွားပြီ။ အနီးစပ်ဆုံးဥပမာပေးပြောရရင် ဘာမှမသိနားမလည်တဲ့ကလေးငယ်တစ်ယောက်က တကယ့်ပညာရှင်တစ်ယောက်ရှေ့မှာ ထောင်လွှားပြနေသလိုပေါ့။ ထိုလူငယ်လေးက ဥာဏ်ကောင်းတာမှန်ပေမဲ့ ဒေါက်တာကတော့ နှိုင်းယှဉ်စရာမရှိတော့လောက်အောင်ကို အထွဋ်အထိပ်ရောက်နေတဲ့ ဘုရင်တစ်ပါးလိုပဲ။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now