အပိုင်း (၂၂)

5.9K 688 28
                                    





မြင်းလှည်း ၃စီးနှင့် လက်နက်ကိုင် လူအယောက် ၂၀ခန့်သည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်သလို ကြည့်ရင်း လမ်းဟုမမည်သည့် လှည်းလမ်းမှတဆင့် ခပ်သွက်သွက် သွားနေကြသည်။
အလယ်မြင်းလှည်း၏ ရှေ့အပေါက်မှ ခေါင်းတစ်လုံး ပြူထွက်လာပြီး လှည်းမောင်းသူကို မေးလိုက်သည်။


"ကျနော်တို့ ရောက်ပြီလား…"

"အင်း…."

လှည်းမောင်းသူက ခပ်ပြတ်ပြတ် ပြန်ဖြေသည်။

"စိတ်…. စိတ်ချရပါတယ်နော်…"

လှည်းမောင်းသူက နောက်လှည့်ကြည့်ပြီး

"သူဌေး… ကျနော်တို့ သွားနေကျပါ…. စိတ်ချ... ဘာမှ မဖြစ်ဘူး…"


သူဌေးဆိုသူ တိတ်သွားပြီး သူ့ခေါင်းက လှည်းတွင်း ပြန်ဝင်သွားသည်။ သူတို့အုပ်စု တောတွင်းသို့ သုတ်ချေတင် ဝင်သွားကြလေသည်။ နှစ်နာရီခန့်အကြာ ခရီးနှင်ပြီးနောက် တောတွင်းတစ်နေရာ အရောက်တွင် မြင်းတို့ ရုတ်တရက်ရပ်သွားသည်။ မြင်းလှည်းမောင်းသူက မြင်းကိုသွားရန် အတင်းရိုက်ပုတ် မောင်းသော်လည်း မြင်းခွာတို့က မြေကြီးတွင် အသေစွဲထားသည့်အလား။ တုံ့တုံ့မျှ မလှုပ်။ ဓါးလှံတို့ ကိုင်စွဲထားသည့် လူများက လှည်းပတ်ပတ်လည် ဝိုင်းလိုက်ပြီး အရပ်၁၀မျက်နှာကို ပတ်ချာလည် ကြည့်ကြသော်လည်း မသင်္ကာစရာ ဘာမျှမတွေ့ချေ။


ခဏအကြာတွင် တင်းပုတ်၊ ပုဆိန်၊ ချိန်သီးစသည့် လက်နက်တို့ကို ဟန်ရေးတပြပြဖြင့် လူ (၉) ဦး အလျှိုလျှို ထွက်လာကြပြီး တစ်ဦးက

"ဟေ့… ပစ္စည်းကို ထားခဲ့မလား… အသက်ကို ဖက်နဲ့ ထုပ်မလား…. ကြိုက်ရာရွေး…."

ထိုသူ၏ စကားကြောင့် အားလုံး ဆွံ့အသွားကြသည်။ ဘယ်ဟာပဲရွေးရွေး တိုက်ရမှာပဲကို…!

ကျားးးးးးး………

ကုန်သည်အဖွဲ့မှ တစ်ဦးက အော်ပြီးပြေးဝင်လာသည်ကို မြင်သည်နှင့် ကျန်လက်နက်ကိုင်လူများကလည်း အသိဝင်လာကာ ဓါးပြအဖွဲ့ကို ဝင်တိုက်ကြသည်။


မြင်းလှည်းထဲမှ ခေါင်းတစ်လုံး ထပ်ပြူထွက်လာပြီး လှည်းမောင်းသူကို မေးလိုက်သည်။

"မင်းပြောတော့ ဘာမှ မဖြစ်ဘူးဆို…."

"အင်း…. သေရုံကလွဲလို့ ဘာမှ မဖြစ်ဘူး…"

"…………"

"သူဌေး… မသေချင်ရင် ကိုယ့်ဘာသာကိုယ် ကာကွယ်တော့…"

ဓါးတစ်လက်ကို လှမ်းပေးလိုက်ပြီး မြင်းလှည်းသမားလည်း တိုက်ပွဲထဲ ခုန်ဝင်သွားတော့သည်။

"နင်တို့… နင်တို့… ငါ့ကို လိမ်တယ်…. ငါ့ငွေတွေ ကုန်ပါပြီ…"

သူဌေးဆိုသူ သိပ်မအော်လိုက်ရ။ အဘယ်ကြောင့်ဆိုသော် ချွန်မြနေသည့် လှံတစ်ချောင်းက သူ့ကိုယ်ထဲ ဖောက်ဝင်သွားသည်ကို အံ့သြတကြီးငုံ့ကြည့်ရင်း အသက်ထွက်သွားရှာသည်။

-----------------------------------------

"စစ်သူကြီး… သတင်းပို့ပါတယ်…"

ယာယီရွက်ဖျင်တဲသို့ ပြေးဝင်လာသည့် တပ်သားငယ်ကြောင့် စာရေးနေသည်ကို ရပ်လိုက်ပြီး

"ပြော…"

"ကျိုးမြို့က ရိက္ခာလာပို့တဲ့ အကူတပ်ငယ် ဝင်္ကဘာတောင်ကြားမှာ တိုက်ခိုက်ခံရပါတယ်… တပ်သားအယောက် ၂၀ ကျဆုံးပြီး ၁ဦး လွတ်မြောက်လာပါတယ်…"

သတင်းကြောင့် ဟွာရှန့် မျက်မှောင်ကျုံ့လိုက်မိသည်။

"ဒဏ်ရာရလာတဲ့ တပ်သားကို အရင်ဆုံး သေချာကုသပေးလိုက်ပါ… မင်းသွားလို့ရပြီ… ဝူဟန်.. အဲ့ဒီမြေပုံယူလာခဲ့…"

လက်ထောက်စစ်သူကြီးဖြစ်သည့် ဝူဟန်က ဝင်္ကဘာတောင်တည်ရှိသည့် မြေပုံသားရေချပ်ကို ယူလာပြီး သီးခြားစားပွဲတစ်ခုပေါ် ဖြန့်ခင်းလိုက်သည်။ မြေပုံကို ကြည့်ရင်း ဟွာရှန့် အလိုမကျ ဖြစ်သွားသည်။

"ဝူဟန်… မြေပုံက ဒီလောက်ပဲ အချက်အလက်ရှိတာလား…"

"စစ်သူကြီး… ကျွန်တော်တို့ တတ်နိုင်သမျှ ရှာဖွေပြီးပါပြီ… ဘယ်သူကမှ ဒီတောင်ကြားဘက်ကို နှံ့နှံ့စပ်စပ် မရောက်ဖူးကြတော့ မြေပုံက မပြည့်စုံဘူး… အဲဒီတောင်ကြားမှာ တောပုန်းဓါးပြကြီးစိုးနေတာ ကြာပါပြီ… သူတို့က နယ်မြေကျွမ်းကျင်လွန်းတော့ သူတို့ကို ဖမ်းမိတဲ့သူ မရှိခဲ့ပါဘူး…."


"စစ်တပ်ရဲ့ ရိက္ခာကို ဖြတ်တိုက်ရတဲ့အထိ အတင့်ရဲတာတော့ ငါ သဘောမကျဘူး…"

"တပ်ထဲမှာ ဝင်္ကဘာတောင်ကြားဘက် သွားဖူးတဲ့သူ ဘယ်သူရှိလဲ…"

ဝူဟန်က အလိုက်သိစွာဖြင့်

"ကျနော်လူစုထားပေးပါ့မယ် စစ်သူကြီး…"


သူ ခေါင်းငြိမ့်ပြလိုက်သည်။ တပ်ရိက္ခာလှည်းကိုတောင် ဝင်တိုက်ရဲသည့် ဒီဓါးပြအဖွဲ့ကို သူ လက်လွှတ်ထားလို့ မဖြစ်ပေ။ ရိက္ခာက အများကြီး မဟုတ်ပေမယ့် အစားအသောက်အတွက် မရှိမဖြစ် လိုအပ်သော ဆားများ ထည့်ပေးလိုက်သည့် အလှည့်ကျမှ ဒီလိုဖြစ်ရသည်။ နောက်တစ်ခေါက် ပြန်မှာလို့ရသော်လည်း အမှိုက်ကစ ပြဿဒ်မီးလောင်တော့ မဖြစ်သွားစေချင်။ ချင်နိုင်ငံ၏ တပ်စုကိုပင် ရန်စရဲသည့် အဖွဲ့ကိုတော့ နောင်မလုပ်ရဲအောင် ဆုံးမမှ ဖြစ်ချေမည်။








ကြင်ယာတော် "မို့ရန်"Where stories live. Discover now