Zawgyi
မနက်အစောကြီးထကာ မိုးကုတ်ဈေးထဲသို့ ဘုန်းစီစဉ်ပေးသည့် ဆိုင်ကယ်များစီးကာထွက်လာခဲ့ကြသည်။ဆောင်းရာသီလည်းမဟုတ်ပါဘဲ ချမ်းအေးလွန်းသည့်ရာသီဥတုကြောင့် ရန်ကုန်တွင်မဝတ်ခဲ့ရသည့် အနွေးထည်များအား ကိုယ်စီကိုယ်စီထုတ်ဝတ်ဖြစ်ကာ ရှိုးအပြည့်နှင့်ဖြစ်နေကြလေသည်။
မနက်အစောကြီးဈေးဝယ်သူရောင်းသူများ နှင့်စည်ကားနေသည့် အပြင် ဒေသအစားအစာများလည်းပေါများစွာမြင်တွေ့ရသေးသည်။ ထိုအစားစာများထဲက ဂုဏ်အကြိုက်ဆုံးက ခေါပုတ်ဖြစ်သည်။ ရန်ကုန်မှာစားရပေမယ့် လတ်လတ်ဆတ်ဆတ်မရှိလှ။ ရောက်တုန်းရောက်ခိုက်အဝစားပစ်မည်ဟုတေးမှတ်ကာ ခေါပုတ်အားပုံစံမျိုးစုံကြော်လှော်ရောင်းချနေသည့်ဈေးတန်းဘက်တစ်ယောက်တည်းလျှောက်လာခဲ့လိုက်သည်။ မုန်းနှင့်သွင်မခတို့ကတော့ အမျိုးအစားစုံလင်စွာရောင်းချနေသည် အနွေးထည်ဆိုင်ထဲသို့ဝင်ရွေးကာ မွှေနှောက်နေကြသည်။ ဂုဏ်ကတော့ အဲလိုနောက်ကတကောက်ကောက်လိုက်နေရတာစိတ်မရှည်တာမို့စောင့်ခေါ်မနေတော့ဘဲထားပစ်ခဲ့လိုက်သည်။
ငှက်ပျောရွက်ပေါ်တွင်ခေါပုတ်အပြားများတင်ကာ မီးသွေးမီးဖိုပေါ်တွင်ကင်နေသည့် ခေါပုတ်သည်အနားရောက်တော့ ဂုဏ်ရပ်လိုက်မိသည်။မီးနှင့်ကင်နေသည်မို့ ကောက်ညှင်းနံ့သင်းသင်းလေးက ဂုဏ်အားဆာလောင်လာစေသည်။ ဆီနှင့်ကြော်တာက ရန်ကုန်မှာလဲစားနေကျမို့ ထိုကင်ထားသည့် ခေါပုတ်ကိုပဲဝယ်စားလိုက်သည်။ ကောက်ညှင်းနံ့သင်းသင်းနှင့်အတူ ငှက်ပျောရွက်အနံ့လေးပါရနေသည့်ခေါပုတ်က စားခဲ့ဖူးသမျှထဲတွင်အကောင်းဆုံးဖြစ်သည်။ ကျန်တဲ့သူတွေအတွက်ပါဝယ်လာသည့်ခေါပုတ်ပြားများသည် စားကောင်းလွန်းသောကြောင့် မချန်ထားတော့ဘဲ ဈေးအခြေအနေလျှောက်ပတ်ကြည့်ရင်း စားရင်းနှင့်ဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်။လက်ထဲကစားလက်စတစ်ခုသာကျန်တော့သည်။
" ဂုဏ်...."
အသံသြသြနှင့်ကိုယ့်နာမည်အားလာခေါ်နေသူသည် လှည့်မကြည့်ဘဲလည်း ဘယ်သူဆိုတာတန်းသိစေသည်။
" မင်းတစ်ယောက်တည်းစားနေတာလား .... ငါလည်းအဲဒီအဒေါ်ဆီက ခေါပုတ်အကင်ကိုကြိုက်တယ်... သွားဝယ်တော့ ကုန်နေပြီတဲ့။"
YOU ARE READING
ကမ္ဘာအပြင်ဘက်( COMPLETE)
RomanceZawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
