အပိုင်း(၂၄)

702 86 0
                                        



        နံနက်ခင်းသည် ကျက်သရေမင်္ဂလာရှိစွာလှပနေသည် .. မိုးဦးအခါသမယ ဖြစ်သော်လည်း ကောင်းကင်တစ်ခွင်လုံး တိမ်ဖြူ တိမ်ပြာများနှင့်ဝင့်ဝင့်ထယ်ထယ် သာယာလျှက်ရှိသည် .. ..

      အစီအရီဖူးနှင့်အရောင်အသွေးစုံစွာ ဖူးပွင့်နေကြသောတောပန်းလေးများက လင်းအာရုံကို တန်ဆာဆင်နေ၏.. အမြီးရှည်ရှည်နှင့် တောကြက်လေးများကလည်း အပြိုင်အဆိုင်ပင် လောကကြီးအား နိုးထကြပါတော့ဟု ဆိုသည့်နှယ် တွန်သံပေး နေကြသည်.....

       ကျေးငှက်များကလည်း တောကြက်ဖများအား အနိုင်မခံအရှူံးမပေးစတမ်း ကြိုးကြိုးကျီကျီသံ အော်ဟစ်ကာ နိုးထလာကြသည်..
     သူတို့၏လှုပ်ရှားမှုအ၀၀ကို အပေါ်စီးမှ မိုးကြည့်နေသည့် ရှင်နေမင်းကြီးက တိမ်ပုဝါ ခြုံထည်ကြားမှ ခေါင်းပြု လာခဲ့တော့ ကြည်နူးဖွယ်ရာ မနက်ခင်းလေး ဖြစ်သွားရ၏....
      အရင်ရက်များဆီက ရွာသွန်းထားသောမိုးကြောင့် ဖြစ်ပေါ်လာသော တောင်ကျ စမ်းချောင်းလေးများကလည်း ကြည်လင်အေးလျှက် မြင့်ရာစီမှ  အနိမ့်ပိုင်းစီသို့ စီးဆင်းကာသွားကြသည်.. 

      စိတ်နှလုံးကြည်ပြုံးဖွယ်ရာအကောင်းဆုံးကတော့ ရှောင်လင်ကျောင်းတော်မှ လွင့်ပျံလာသော တရားဓမ္မရွတ်ဆိုသံပင်.. ညီတူညီညာစွာဖြင့် အနိမ့်အကျ အတက်အမြင့် အဖြတ်အတောက်မှန်မှန် ထွက်ပေါ်လာသော ဓမ္မသံက လောကကြီး အား အေးချမ်းပါတော့ဟု သီဆိုဆိုနေသည့်နှယ် ..
      လောကီအာရုံကာမဂုဏ် များမြောင်လှသော လူ့ဘောင်အလည်တွင် .. ဆိုးထေး ညစ်ညမ်းသော သူများ .. လိမ်လည်ကောက်ကျစ်သောသူများ...ရက်စက်ကြမ်းကြုတ် သူများ အစရှိသဖြင့် ကြီးနိုင်ငယ်ညှင်းဝါဒများကြားမှ ထိုသို့ အေးချမ်းသာယာသော တရားသံက လူကောင်းသူကောင်းများ ဤနေရာတွင် ရှိပါသေးသည်ဟု အသိပေးနေသလိုပင်....

           စုပေါင်းတရားရွတ်ဆို၍ ပြီးသွားသောကြောင့် ဘုန်းကြီးများ ကိုရင်များသည် မိမိနေထိုင်ရာ အဆောင်ဆီသို့ပြန်သွားကြလေ၏ .. အချက်အပြုတ် တာဝန်ကျသူများ .. သန့်ရှင်းရေးတာဝန်ကျသူများ .. ရေခပ် ထင်းခွဲအစရှိသော တာဝန်ကျသူများ ကတော့ မိမိ၏လုပ်ငန်းတာဝန်ပြီးဆုံးအောင် လုပ်ကိုင်ရပေအုံးမည်...
          တရားဆောင်ထဲမှ နောက်ဆုံးကထွက်လာသူက အားကွေ့ပင်... ဘယ်ညာ တစ်ဖက်တစ်ချက်စီတွင်  သူထက်အသက်အနည်းငယ်မျှ ကြီးသည့် ကိုရင်နှစ်ပါး ခြံရံလျှက် ထွက်လာသော အားကွေ့မှာ တစ်ခုခုကိုတွေးမိသည့်နှယ် ငြိမ်သက်စွာ စဉ်းစားနေ၏...

အစ၏အဆုံး အဆုံး၏အစ Nơi câu chuyện tồn tại. Hãy khám phá bây giờ