ပြိုင်ပွဲ စလေပြီ
ကျယ်ပြန့်လှသော တိုက်ပွဲကွင်းပြင်၌ များစွာသော တိုက်ပွဲစင်မြင့်လေးများ ရှိနေကြ၏။ တိုက်ပွဲစင်မြင့်တစ်ခုစီ၌ လူရှစ်ယောက်ကို တွေ့မြင်နိုင်လေသည်။ နလန်မျိုးနွယ်စုသည် တစ်ခြားမျိုးနွယ်စုများထက် ပိုမိုအရှိန်အဝါ မြင့်မားသောကြောင့် မျိုးနွယ်စုအဖွဲ့ဝင်များသည် အလယ်ရှိစင်မြင့်မှာ နေရာယူရလေ၏။ သူတို့ကို ကြည့်ရသည်မှာ ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးတွေလို ဟိတ်ဟန်များလှပေ၏။ သူတို့ဘေးစင်မြင့်များ၌ ဂူမျိုးနွယ်စု၊ လင်းမျိုးနွယ်စု ၊ မျိးနွယ်စုလေးများမှ အဖွဲ့ဝင်များက နေရာယူထားပြီး ကောင်းကင်က လမင်းကို ဝန်းရံနေကြသော ကြယ်လေးများပမာ ဖြစ်နေတော့၏။ ထိုအချိန်၌ နလန်အဖွဲ့ဝင်များမှ နလန်ရှုန် ဘေးမှာ ထိုင်နေသော လူကြီးတစ်ယောက်သည် မတ်တပ်ရပ်လိုက်၏။ ထို့နောက် သူသည် တိုက်ပွဲစင်မြင့်ကို လှမ်းမျှော်ကြည့်ရင်း
" ယနေ့က ကျွန်ုပ်တို့ရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲဖြစ်ပါတယ်။ ဒီယှဉ်ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က ရန်ကျုံးမြို့တော်ရဲ့ အထူးချွန်ဆုံး ကျောင်းတော်သားများရဲ့ သိုင်းစွမ်းရည်ကို စမ်းသပ်တဲ့ ပွဲပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် သနားကြင်နာနေလို့ မရပါဖူး။ ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ မိမိတို့ရဲ့ ပြိုင်ဘက်က အရှုံးမပေးမချင်း သေသည်အထိ တိုက်ခိုက်နိုင်ပါတယ် ။ အရှုံးပေးလိုက်ရင်တော့ တိုက်ပွဲကို ရပ်ပေးရမှာပါ "
လူကြီး၏ စကားသံဆုံးသွားသောအခါ လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ မည်သူမှ အရှုံးမပေးမချင်း အသက်သေဆုံးသည်အထိ တိက်ခိုက်မှု့တွေကို ပြုလုပ်နိုင်သည်။ မည်မျှရက်စက်လိုက်လေသနည်း။ အချို့ကျောင်းတော်သားများကတော့ အလွန်တရာ ဝံ့ကြွားနေဟန်တွေ သူတို့မျက်နှာမှာ ပေါ်နေ၏။ ယှဉ်ပြိုင်ပွဲမှာ ရှုံးနိမ်သည့်အတွက် အရှုံးပေးပါသည်ဟူ၍ ပြောလိုက်ရခြင်းသည် ယှဉ်ပြိုင်မည့် ကျောင်းတော်သားများအတွက် ရှက်ဖွယ်ကိစ္စကြီးတစ်ခုဖြစ်သည်။ သို့ဖြစ်၍ လူအနည်းငယ်သာလျှင် ထိုကဲ့သို့ တိုက်ပွဲမျိုးကို ဆန္ဒရှိပေသည်။ ပြိုင်ပွဲဝင် ကျောင်းတော်သားများ အနေနှင့် နိုင်မည့်အခွင့်အရေးမရှိလျှင်ပင် သူတို့၏ အရှက်နှင့် ဂုဏ်သိက္ခာအတွက် ဆက်လက်တိုက်ပွဲဝင်ရလိမ့်မည်။ သို့သော် ထိုစကားလုံးကို လူအုပ်ကြီးက သေချာစဉ်းစားကြည့်လိုက်၏။ စည်းမျဉ်းသတ်မှတ်ချက်တွေ ရှိမနေလျှင် တိုက်ပွဲတွေက အသက်သေဆုံးသည်အထိ တိုက်ခိုက်လာနိုင်သည်။ ကန့်သတ်ချက်တွေသာ ရှိထားလျှင် သိုင်းစွမ်းရည်ညီတူနေသော အရှုံးမပေးချင်သည့် ပြိုင်ဘက်နှစ်ယောက်ဆိုလျှင် တစ်ယောက်ကို တစ်ယောက်မုန်းတီးစက်ဆုပ်လာစေပြီး အဆုံးမရှိတိုက်ခိုက်လာနိုင်မည်။
