Part 7

5.9K 959 21
                                    

ရွှေရောင်သန်းသော နေခြည်တန်းများသည် ပုံပေမြို့တစ်မြို့လုံးကို ပ၀ါပါးတစ်ခုနှယ် လွှမ်းခြုံလို့ထားသည်။ တစ်နေ့တာအတွက် နောက်ဆုံးအချိန်ဖြစ်သည့် နေ၀င်ချိန်သည် အလှပဆုံးနှင့် အဆန်းကြယ်ဆုံးအချိန်တစ်ခုပင်။

အိမ်ကြီး၏ အပေါ်ဆုံးထပ်ရှိ ဥယျာဉ်ကြီး၏အလယ်တွင် ကချေသည် အမျိုးသမီးငယ်များသည် ညနေခင်း နေမင်းကြီးကို နောက်ခံထားကာ မြူးကြွစွာ ကခုန်နေကြသည်။ ၎င်းတို့၏ ပါးလွှာသော အ၀တ်အစားခြုံလွှာများသည် လှမ်းမြင်နေရသော ပင်လယ်လှိုင်းများလို လူးကာလွန့်ကာ လှုပ်ရှားနေသည်။ မြက်ခင်းပြင်ထက်မှ ဖိနပ်မပါသည့် ခြေဖ၀ါးများသည် နောက်ခံဂီတသံများနှင့်အတူ ခုန်ပေါက်လှုပ်ရှားနေကြသည်။ ကချေသည်အမျိုးသမီးများ၏ ရှေ့တွင်မူ စကျင်ကျောက်ဖြူများဖြင့် လှပစွာ တန်ဆာဆင်ထားသော ရေပန်းငယ်မှ ရေမှုန်ရေပွားများ ဖြာထွက်နေသည်။

နေရောင်ခြည်..

လင်းလက်နေသော ရေမှုန်များ..

ကခုန်နေသော ကချေသည်..

မြူးကြွသော ဂီတသံ..

အရာရာသည် ပနံရစွာ လှပနေသည်။

ပင်လယ်ကို မျက်နှာချင်းဆိုင်ထားသည့် ခမ်းနားသော ညစာခန်းမကြီး၏ နံရံများတွင် နံရံဆေးရေးပန်းချီများဖြင့် လှပနေသည်။ အနွေးဓါတ်ရစေရန် ခန်းမကြီး၏ လေးဘက်လေးရံတွင် ရဲရဲတောက်နေသည့် မီးခဲများထည့်ထားသည့် ကြေးခြေထောက်ပါ မီးခံအိုးများရှိနေသည်။

လဲလျောင်းစားသောက်ရာတွင် အသုံးပြုသည့် သစ်သားခုတင်များကို သဘာဝရှုခင်းများနှင့် ဖျော်ဖြေမှုများကို ကောင်းမွန်စွာ ခံစားရစေရန် ခပ်ကျဲကျဲနေရာချထားသည်။ ခုတင်များထက်မှ အခင်းများ၊ လက်ခုခေါင်းအုံးများသည်လည်း အဖိုးအထိုက်ဆုံး၊ အကောင်းဆုံးများဖြစ်ကြောင်း ၎င်းတို့ပေါ်တွင် လက်ရာမြောက်စွာ ပုံဖော်ထားသည့် ရွှေချည်မျှင်များက သက်သေခံနေသည်။ ထိုခုတင်များထက်တွင် လုလိယက်စ်၊ ညီဖြစ်သူ အားရီးယူးစ်နှင့်အတူ ဖိတ်ကြားထားသော ဧည့်သည်များ လှဲလျောင်းစားသောက်ရင်း စကားပြောနေကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now