Part 3

8.9K 1.1K 58
                                    

ပုံပေမြို့၏ အခမ်းနားဆုံး၊ အလှပဆုံးနေရာတွင် တည်ရှိသော လူချမ်းသာရပ်ကွက် တစ်ခုထဲတွင် လုလိယက်စ်၏ နေအိမ်တည်ရှိသည်။ မြို့တွင်းရှိ အခြားအိမ်များလို နှစ်ထပ်မဟုတ်ဘဲ သုံးထပ်ဆင့်ကာ တည်ဆောက်ထားသည်။ အပေါ်ဆုံးတစ်ထပ်လုံးမှာ ရေတံခွန် ရေပန်းများ၊ သစ်ပင်ပန်းမန်များဖြင့် တန်ဆာဆင်ထားသော ဥယျာဉ်နေရာဖြစ်ပြီး ပုံပေတစ်မြို့လုံးနှင့် ပင်လယ်ပြာကို မြင်နေရသည်။

မြေညီထပ်တွင် လက်ရာမြောက်သော ကြေးတံခါးကြီးဖြင့် တန်ဆာဆင်ထားသည့် ၀င်ပေါက်ရှိပြီး ဧည့်ခန်းမဆောင်ကြီးအထိ အဖြူနှင့်အမည်းကွက်များဖြင့် လှပစွာတန်ဆာဆင်ထားသော ကျောက်စီကြမ်းခင်းဖြင့် ဆက်သွယ်ထားသည်။ ဧည့်ခန်းမဆောင်ကြီး၏ နံရံများတွင်တော့ ဂရိနတ်ဘုရားများ၏ ဂန္တ၀င်သမိုင်းပုံနံရံဆေးရေးပန်းချီများ လက်ရာမြောက်စွာ ခြယ်မှုန်းထားသည်။ ထို့အပြင် တန်ဖိုးကြီး ကျောက်လုံးတိုင်များသည် အိမ်ထဲခြေတစ်လှမ်းချရုံနှင့် ရှေ့ဆက်မသွားရဲအောင် ဟန့်တားထားလေသလား ထင်ရအောင် အရှိန်အ၀ါကြီးလွန်းလှသည်။

ဧည့်ခန်းဆောင်ကြီး၏ အလယ်တွင်မူ ရောမခေတ်ဗိသုကာလက်ရာ ထုံးတမ်းစဉ်လာအတိုင်း အမိုးနေရာတွင် လေးထောင့်နေရောင်ဝင်ပေါက်ရှိသည်။ အိမ်ခေါင်မိုးကို လေးထောင့်ပုံစံ အပေါက်ဖြစ်အောင် ခပ်နိမ့်နိမ့်လျှောဆင်းစေပြီး ပြုလုပ်ထားခြင်းဖြစ်သည်။ ၄င်း၏အောက်ခြေတွင် ရေကန်ငယ်တစ်ခုရှိပြီး ထိုအမိုးပေါက်သည် အလင်းရောက်အတွက်သာမက ကျဆင်းလာသော မိုးရေများကို ရရှိရန်အတွက်လည်း အသုံးဝင်သည်။ ထိုရေကန်ငယ်၏ အောက်ဘက်ရှိ မြေအောက်ခန်းသည် ရေသိုလှာင်ကန်ကြီးဖြစ်သည်။

ဆောင်းဦးပိုင်းတွင် ရွာသွန်းလေ့ရှိသော မိုးစက်မိုးပေါက်များသည် တဖွဲဖွဲကျဆင်းနေသည်။ ရေကန်ငယ်ထဲသို့ တပေါက်ပေါက်ကျဆင်းနေသောကြောင့် ရေကန်ငယ်မျက်နှာပြင်သည် ငြိမ်သက်ခြင်းမရှိ။ ကခုန်နေသော ကချေသည်လေးများလို မိုးသံနှင့်အညီ မြူးကြွနေသည်။ မိုးရေစက်ငယ်များ ဖန်တီးထားရစ်သော ရေလှိုင်းငယ်များမှာမူ ကောင်းကင်ယံမှ မှိတ်တုတ်ကြယ်လေးများလိုပင်။ ရေကန်မျက်နှာပြင်ထက် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now