အပိုင်း (၃၂)

5K 626 12
                                    




ဒုန်း ဒုန်း ဒုန်း

ဒုန်း ဒုန်း ဒုန်း

ဆုံငယ်များရှေ့တွင်ချကာ တဒုန်းဒုန်းမြည်သံထွက်အောင် ထောင်းနေကြသည့် လူတစ်စု။ ရှေ့တွင်တော့ သူတို့ကို တရားဟောနေသည့် မို့ရန်။

"ဆေးပင်စိုက်နည်းလေး ငါ လေ့လာထားတယ်…"

"ခင်ဗျားတို့ နောက်ဆိုရင် ဓါးပြတိုက်စားစရာ မလိုတော့ဘူး… ဒီဆေးက ဈေးဘယ်လောက်ရသလဲဆိုတာ ခင်ဗျားတို့မျက်မြင်ပဲ… နောက်ဆို သမာအာဇီဝနည်းနဲ့ အသက်ရှင်ရမယ်…"

"ဖူအစ်ကိုကြီး.. ဆုံကွဲသွားဦးမယ်.. ဖြည်းဖြည်း…"

"မှုန့်ညက်နေအောင် ထောင်းရမှာနော်… အချောင်မခိုကြနဲ့… အချောင်ခိုတဲ့သူကို တစ်လလောက် ဟင်းချက်ကျွေးမယ်…"

အားလုံးသည် မို့ရန်ချက်ကျွေးသည့် လက်ရာကို စားရမည်မှာ စိုးသဖြင့် မခိုကပ်ရဲ။ အလွန်ချဉ်သည့်၊ ငန်သည့်၊ ခါးသည့် အရသာ တစ်မျိုးစီထွက်နေသော ဟင်းကို သူတို့မစားလို။

မို့ရန် သူတို့ကို ထားခဲ့လိုက်ကာ ဆေးပင်စမ်းသပ်စိုက်ထားသည့် စိုက်ကွင်းငယ်ဆီ သွားကြည့်နေသည်။ ဆေးပင်များ သန်စွမ်းမှုက နှေးကွေးလွန်းသည်။ သူမ စိုက်နည်းမှာ တစ်ခုခုလိုနေလို့ပဲလား။ နေရောင်ရတာ များသွားလို့ပဲလား။ ချိနဲ့နေသည့် အရွက်များကို ကိုင်ကြည့်ရင်း တစ်စုံတစ်ယောက်ကို သတိရသွားပြန်သည်။

"သူ အဆင်ပြေပါ့မလား… ငါ ရိုက်လိုက်တာ အားပြင်းသွားလား မသိဘူး… အခုဆို ဘယ်ရောက်နေပြီလဲ မသိ…"

"ကောင်းမင်.. တောင်းပန်ပါတယ်.. ငါတို့ရဲ့ လျှို့ဝှက်ချက်ကို နင်သိသွားပြီဆိုတော့ ပြန်လမ်းမမှတ်မိအောင် ဒီနည်းက အကောင်းဆုံးမို့ပါ…"

တစ်ကိုယ်တည်း စကားပြောနေမိရင်းကနေ အိမ်ဝင်းထဲမှ လူတစ်စုကိုလည်း အကြည့်ရောက်သွားပြန်သည်။ သူတို့ရဲ့ ဘဝကို သူမဒီလိုပဲ မကုန်ဆုံးစေချင်ပါ။ ကယ်တင်ရှင်ကြီး မလုပ်လိုသော်လည်း ခင်ဖို့ကောင်းသည့် ဒီလူများကို သူမ မပစ်ထားနိုင်။ ကလေးများက ကျောင်းလည်း မနေရ။ တောထဲတွင် အရိုင်းဆန်ဆန်ကြီးပြင်းရသည်။ ဖယ်ကြဉ်ခံထားရသည့် လူမျိုးစုဖြစ်သည်မို့ လောကကြီးနှင့် အဆက်အသွယ် ပြတ်လွန်းသည်။ သူတို့အားလုံးကို သူမ တစ်ခုခု လုပ်ခဲ့ပေးရမည်။ အနည်းဆုံးတော့ ဆေးပင်စိုက်နည်း ကောင်းကောင်းဖြစ်ထွန်းခဲ့ပါက မြို့တက်ရောင်းကာ ဓါးပြအလုပ်ကို စွန့်လွှတ်ခိုင်းမည်။ ဒါမှမဟုတ် အစ်ကိုကွမ်းချီကို အကူအညီတောင်းပြီး အလုပ်တောင်းရင်ရော။ သိပ်တော့ မဖြစ်နိုင်။ သက်ပြင်းများ လေးလံစွာချမိသည်။

-----------------------------

ကြင်ယာတော် "မို့ရန်"Where stories live. Discover now