မျှော်စင်၏ခြောက်ထပ်မြောက်
“ အေးအေးဆေးဆေးငါလေ့ကျင့်ချင်တယ်။ ထွက်သွားစမ်း ”
လင်းဖန်က အေးစက်စက်ပြောလိုက်၏။ ထိုစဉ်မှာပတ်ဝန်းကျင်အပူရှိန်သည်လည်း ပိုမိုလျော့ကျလာပြန်သည်။
ထိုလူငယ်မှာ မူလကထက် မောက်မာဝံ့ကြွားသည့်ဟန်များမရှိတော့။ သူ့ကိုကြည့်ရသည်မှာ ကြောက်ရွံ့တုန်လှုပ်လာဟန်ပေါ်သည်။ လင်းဖန်ကား သန်မာလွန်းပေစွ။
“ သေစမ်းကွာ။ အခုငါဘယ်လိုလုပ်ရတော့မလဲ။ ”
လင်းဖန်ကဲ့သို့ အစွမ်းထက်မြက်သူတစ်ယောက်ကို သွားရောက်ရန်စမိသည့်အတွက် မိမိကိုယ်ကိုယ်ကို အပြစ်တင်နေမိ၏။
အခြားအခန်းများမှာရှိနေသော လူများသည်လည်း ပတ်ဝန်းကျင်မှာ ပိုမိုပျံ့နှံ့လာသော လင်းဖန်၏အအေးဓာတ်ချီစွမ်းအားများကြောင့် စိတ်စွမ်းအားလေ့ကျင့်မှု့မှာ အပြည့်အဝအာရုံမစိုက်နိုင်ကြတော့ချေ။ ၎င်းစွမ်းအားများသည် အံ့အားသင့်လောက်အောင်ပင် မျှော်စင်တစ်ခုလုံးသို့ ဖိနှိပ်ဝင်ရောက်နေခြင်းဖြစ်၏။ သူတို့သည် မသွားကြပဲ မည်ကဲ့သို့ဖြစ်ပျက်နေလဲဆိုတာသာ ကြည့်နေကြ၏။ ဤကဲ့သို့ကြောက်မက်ဖွယ် ချီစွမ်းအားကို ထုတ်လွှတ်နိုင်သည့် လူတစ်ယောက်အား သူတို့အနေဖြင့် သွားရောက် ရန်မစဝံ့ကြပေ။
“ ဒီနေရာကနေ မင်းထွက်သွားမလား။ ဒါမှမဟုတ် ထွက်မသွားဘူးလား ”
လင်းဖန်က တင်းမာခက်ထန်သော မျက်ဝန်းများနှင့်မေးမြန်းလိုက်ရာ လူငယ်မှာ ခေါင်းမှ ခြေဖျားသို့တိုင် ကြောက်ရွံ့တုန်လှုပ်သွားရ၏။
သူသည် လင်းဖန်အား ကြမ်းကြုတ်စွာကြည့်လိုက်ပြီး မျှော်စင်အတွင်းရှိတစ်ခြားအခန်းကိုရှာရန် ထွက်ခွာသွားလေ၏။ သူ့လက်ရှိအခန်းကိုလည်း ချန်ထားခဲ့လေသည်။
“ သန်မာတဲ့သူတွေက ခက်ထန်တင်းမာစွာပြောလိုက်ရင် အားနည်းတဲ့လူတွေက ကြောက်ရွံ့သွားကြရတယ်။ ဒါဟာ ဒီကမ္ဘာမြေရဲ့ သဘာဝတစ်ခုပဲ ”
လင်းဖန်က တွေးလိုက်လေ၏။ အနက်ရောင်ဝတ်ဝတ်ရုံနှင့်လူသည် လင်းဖန်က သူ့အစွမ်းကို ပြသခဲ့သည့်တိုင်အောင် အစွမ်းနိမ့်သည်ဟူ၍ ထင်ပြီး လင်းဖန်၏အခန်းအား လုယူချင်နေခဲ့သည်။ ဒုတိယလူကား သိုင်းလေ့ကျင့်တာကို နှောက်ယှက်သည်ဟူသော အကြောင်းပြချက်ဖြင့် လင်းဖန်အခန်းကို ရယူရန်လုပ်လိုက်သော်လည်း လင်းဖန်၏အစွမ်းကိုမြင်သောအခါ ကြောက်ရွံ့တုန်လှုပ်သွားရသည်။ ဤမျှသန်မာအစွမ်းထက်သောသူကို သူမတိုက်ခိုက်ရဲတော့ပေ။
