အပိုင်း (၄၁)

4.3K 469 8
                                    






ဒုန်း…

ခွမ်း….

ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခံရသော ကြွေကရားက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည့် မြင်ကွင်းကြောင့် အထဲကို ဝင်ရန်ဟန်ပြင်နေသော ခြေလှမ်းက အလိုလိုရပ်တန့်ကုန်သည်။ မြားဘူးကို ရင်ခွင်ပိုက်ထားရင်းကနေ အခန်းထဲရှိ အခြေအနေကို အကဲခတ်ကြည့်သည်။ လက်ထောက်ဝူက ကြမ်းပြင်ပေါ် ဒူးတုပ်လျက်သား။ အခန်းနံဘေး စားပွဲပေါ်ကို လက်ထောက်ထားပြီး အလိုမကျ ဒေါသတို့ကြောင့် မျက်မှောင်တို့ ကုပ်ကာ အနားရှိ ရှိရှိသမျှ အရာအားလုံးကို မီးရှို့တော့မယောင်၊ ထုချေဖျက်ဆီးတော့မယောင် မျက်နှာထားပိုင်ရှင် ဟွာရှန့်ကို မြင်တော့ မို့ရန် တံခါးဝကနေ ကွယ်ရာ ဘေးသို့အမြန်ကပ်လိုက်သည်။ ဟွာရှန့် ဒေါသထွက်သည့်ပုံကို မို့ရန် တစ်ခါမျှ မမြင်ဘူးသေး။ မြင်တော့လည်း ကြောက်စရာကောင်းလှသည်။ သူတို့မည်သည့်အကြောင်းအရာကို ဆွေးနွေးနေပြီး ဘာပြသနာဖြစ်သွားသည်ကို မသိသော်လည်း လောလောဆယ်တွင် ဒီနေရာမှ ဝေးဝေးနေတာ အကောင်းဆုံးဟု တွေးမိကာ မို့ရန် ပြန်ထွက်သွားသည်။

"ဝူဟန်ကျွင်း… ဘာလို့ဒီကိစ္စကို င့ါကို အခုမှ အသိပေးရတာလဲ…"

"စစ်သူကြီး… အရှင်မင်းကြီးရဲ့ ချီးမြောက်စာလွှာရောက်ရောက်ချင်း သတင်းပို့တာပါ… ကျနော့်စိတ်ထင် မင်းကြီးက အချိန်ဆွဲပြီးမှ ပို့ထားပုံရတယ်… အိမ်တော်ထိန်းပိုင်ဆီကလည်း သတင်းပို့ပါတယ်…"

"………………"

"အိမ်တော်ထိန်းပိုင်က စာပို့လင်းယုန်အသုံးပြုပြီး ပို့တာဆိုတော့ ဒီကိုရောက်ဖို့ ၃ရက်ပဲ အချိန်ကြာပါတယ်… အရှင်… အရှင်မင်းကြီးဆီက စာရောက်တာ အခုမှ ဆိုတော့ ကြားထဲမှာ တစ်ပတ်လောက် ဟ နေတာဆိုတော့…. ကျနော်စိတ်ထင်…"

"ငါ့ကို ဖယ်ရှားဖို့ စလှုပ်ရှားနေတဲ့ သဘောပဲ…."

"ဒါဆို စစ်သူကြီး ဘယ်လိုလုပ်မလဲ…"

"မင်းသမီးချွေ့ရင်ကို အခုချက်ချင်း နန်းတော်ကို ပြန်ပို့… သူ မထွက်သွားရင် ဆွဲထုတ်သွား… ပြီးတော့ င့ါအမိန့်မရဘဲ ဝင်ခွင့်ပေးလိုက်တဲ့ အစောင့်တွေကို နယ်စပ်ကို ပို့လိုက်…"

"ကျတော် ဆောင်ရွက်လိုက်ပါ့မယ် စစ်သူကြီး…"

လက်ထောက်ဝူ ဟွာရှန့်ကို အရိုအသေပြုကာ အခန်းထဲမှ ထွက်လာခဲ့သည်။ နယ်စပ်သို့ အပို့ခံရတော့မည့် ရဲမက်ငယ်လေးများအတွက် လက်ထောက်ဝူ စိတ်မကောင်းသော်လည်း မတတ်နိုင်။ စစ်သူကြီးက သူ့အမိန့်မနာခံသည့် မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်သည်။ ယခုတော့ ရဲမက်ငယ်လေးများက မင်းသမီးချွေ့ရင်နှင့် စစ်သူကြီးတို့ကြား ညှပ်ခဲ့လေပြီ။ ဒီရဲမက်လေးတွေ နီးရာဓား ကြောက်ခဲ့ကြပုံပေါ်သည်။

မို့ရန် လေ့ကျင့်ကွင်းကနေ ပြန်ထွက်လာပြီးနောက် စစ်သားစုဆောင်းရေးဘက်က သတင်းများကို တိုးတိုးကြိတ်ကြိတ် စုံစမ်းဖို့ အားထုတ်သည်။ ဖူအစ်ကိုကြီးတို့နှင့် သူမ အဆက်အသွယ်လုပ်ဖို့ သတင်းအစအနပင် မရသေး။ ဖူအစ်ကိုကြီး ဘယ်နေရာချထားခံရတာလဲ။ ကျန်တဲ့သူတွေရော ဘယ်ရောက်နေသလဲ။ ဘယ်သူက နှိပ်စက်ခံနေရပြီး ဘယ်သူက ကောင်းကောင်းအသက်ရှင်ဖို့ နေရာရသွားပြီလဲ။ ဘာဆိုဘာမှ မသိရသေး။ တလောက အစ်ကိုငါးကို အလုပ်ကြမ်းဌာနနားတွင် ဖြတ်ခနဲ တွေ့ခဲ့သည်။ ဖြစ်နိုင်ချေက အစ်ကိုငါး ထိုအထဲတွင် ရှိနေနိုင်မလား။ ချက်ချင်းပင် အလုပ်ကြမ်းဌာနဘက် မယောင်မလည် သွားလုပ်နေရင်း သူမအဖွဲ့သားများ တစ်ယောက်တစ်လေ ရှိမလား သွားကြည့်နေပြန်သည်။ ရုတ်တရက် သူမလက်မောင်းကို ဆွဲကာ ထောင့်တစ်နေရာသို့ ကပ်လိုက်ခြင်း ခံရသည်။

"ခေါင်းဆောင်ရိန်း… ဒီကို ဘာလာလုပ်တာလဲ…"

"အစ်ကိုငါး… ခင်ဗျားက ဒီမှာလား…"

"ဟုတ်တယ်…"

"ကျန်တဲ့သူတွေရော…"

"ငါရယ် နံပါတ် ၆ ရယ်က ဒီမှာ… သုံးကလေးက စားဖိုဆောင်ဖက်မှာ… ဖူအစ်ကိုကြီးက ရိက္ခာစုဆောင်းရေးဘက် ရောက်သွားတယ်လို့ ကြားတယ်… ကျန်တဲ့သူတွေ ဘယ်ကိုရောက်မှန်း မသိသေးဘူး… မင်းရော.. အဆင်ပြေရဲ့လား…"

"ကျနော်အဆင်ပြေတယ်… အစ်ကိုတို့ရော…"

"အဆင်ပြေအောင် နေရတာပဲ…"

"အစ်ကိုငါး ကျနော်တို့ ထွက်ပြေးဖို့ စဉ်းစားထားတယ်… လောလောဆယ် မဖြစ်နိုင်သေးပေမယ့် ဒီမှာတော့ ဒီအတိုင်း မနေနိုင်ဘူး…"

"ငါတို့ လူတွေ ပြန်စုဖို့လိုတယ်… ဒီလိုလုပ်… ရေချိုးဆောင်ဘက်မှာ ငါတို့ အချိန်းအချက်လုပ်ရအောင်…"

"ကောင်းတယ်…"

"မင်းလည်း မြန်မြန် ပြန်တော့… ရိပ်မိကုန်မယ်…"

"အင်း… လာမယ့် ၇ ရက်နေ့…"

မို့ရန် လက်ညှိုးထိပ်နှစ်ခုကို ထိကာ ဆုံကြမည်ဆိုသည့် သင်္ကေတကို ပြပြီး မြန်မြန်ပြန်ထွက်ခဲ့သည်။ ရေချိုးဆောင်က အချိန်ခွဲထားပေမယ့် ဒီအချိန်းအချက်က အလုပ်ဖြစ်မည်ဟု သူမယုံကြည်သည်။ သူမ ဟွာရှန့်၏ စာကြည့်ဆောင်ဘက် ပြန်ရောက်သွားသည့်အခါ ဟွာရှန့်မရှိချေ။ ကြမ်းပြင်ပေါ် ကွဲကြေနေသည့် ကြွေကရား အပိုင်းအစများကိုလည်း ရှင်းလင်းထားပြီးချေပြီ။

"ဟို… ဒေါသကုမ္မာရ ဘယ်ရောက်သွားလဲ… မမြင်ရတော့ အာရုံနောက်သက်သာ…"

တကယ်တမ်းတွင်တော့ သူမတို့၏ အချိန်းအချက်သည် အစပိုင်းတွင် သိပ်ပြီး မအောင်မြင်ချေ။ သူမတို့၏ ကိုယ်ပိုင်သင်္ကေတ လျှို့ဝှက်ဝက်ရုပ်ကို ရေချိုးစည်ပိုင်းထောင့်နားတွင် သံအပိုင်းအစလေးဖြင့် လူအလစ်တွင် ရေးဆွဲကာ အချိန်းအချက် လုပ်ရသည်။ ရုတ်တရက် မမြင်သာသည့်နေရာတွင် ဆွဲထားသောကြောင့် မမြင်ရ။ ရက်နည်းနည်းကြာမှ ကျန်အဖွဲ့သားများသိသွားကာ ပြန်လည်ဆက်သွယ်ကြသည်။ ဖူအစ်ကိုကြီးနှင့် သုံးကလေးက ပျောက်နေသေးသည်။ မို့ရန် သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားနေချိန် ဟွာရှန့်ကတော့ အန်းမြို့တော်သို့ ခရီးထွက်သွားသည်။ ဟွာရှန့်မရှိသော်လည်း သူမ လက်လွတ်စပယ် မလုပ်ရဲ။ နံရံတိုင်းတွင် မျက်စိနှင့်နား ရှိသည်မဟုတ်ပါလား။

လောလောဆယ်တွင် သူမ ဓားရေးကိုသာ ကောင်းကောင်းလေ့ကျင့်ပြီး ကျန်အချိန်များတွင် လက်ထောက်ဝူနားကပ်ကာ မသိမသာ သတင်းစကားနှိုက်သည်။ ကံကမကောင်းချင်တော့ သူမသိလိုသည့် အကြောင်းအရာတို့ သတင်းအစအန နည်းနည်းမှ မရရှိခြင်းပင်။ စိတ်ကိုရှည်ရှည်ထားရမည်။ တစ်ရက်တွင် မို့ရန် လက်ထောက်ဝူနှင့် တပ်၏ အခြေခံစည်းမျဉ်းအကြောင်း ဆွေးနွေးနေချိန် ရဲမက်တစ်ဦးက အခန်းတွင်း အပြေးဝင်လာကာ

"လက်ထောက်ဝူ… အရေးကြီးသတင်းပို့ပါတယ်…"

"မင်း ပြာပြာသလဲနဲ့…. ပြော… ဘာအရေးကြီးသတင်းလဲ…"

"ကျနော်တို့ဆီပို့လိုက်တဲ့ ရိက္ခာတပ် အတိုက်ခံရပါတယ်…"

"ဘာ… အတင့်ရဲလိုက်တာ…."

မို့ရန် ကြားရသည့် သတင်းစကားကြောင့် အံ့သြသွားပြီး လက်ထောက်ဝူကို အဓိပ္ပာယ်အချို့ပျော်ဝင်နေသော မျက်လုံးများဖြင့် လှမ်းကြည့်သည်။ သူမ၏ လက်မောင်းနှင့် ခြေထောက်တို့တွင် သေရာပါဖြစ်သွားသည့် အမာရွတ်တို့က ရုတ်တရက် သွေးတို့စို့လာသည်ဟု မို့ရန် ထင်မိသည်။ အံကိုတင်းတင်းကြိတ်လွန်းရာမှ ပါးစပ်တွင် သွေးထွက်လာကာ ငံကျိကျိအရသာရလာသဖြင့် စိတ်တို့ကို ဖြေလျော့လိုက်သည်။ သူတို့တွေ အခုတော့ ဘယ်လိုရှိကြမလဲ။ မှားပြီး ဖမ်းနှိပ်စက်ကြတုန်းက အဖြစ်မှန်ကို မည်သို့ပင်ရှင်းပြပါစေ၊ နားမဝင်ကြဘဲ သေလုမျောပါးသာ ရိုက်ကြသည်။
သူမအတွေးလွန်ချိန်တွင် လက်ထောက်ဝူက သတင်းပို့သည့် ရဲမက်ကို မေးခွန်းများ တရစပ် မေးနေသည်။ ဖြစ်စဉ်ကို နားထောင်ပြီးနောက်

"ငါတို့ရဲမက်တွေရော… အထိအခိုက် ရှိသွားသလား…"

"လက်ထောက်ဝူ…"

ရဲမက်က ရုတ်တရက် အဖြေမပေးဘဲ အနည်းငယ်တုံ့ဆိုင်းနေပုံပေါ်သည်။ ခေါင်းကို ကြမ်းပြင်ထဲ ဖောက်မတတ်ငုံ့ကာ

"လက်.. လက်ထောက်ဝူ… အားလုံး ကျဆုံးပါတယ်.."

"ဒါက… အတင့်ရဲလိုက်ကြတာ… သွား… ကျဆုံးတဲ့ရဲမက်တွေကို ကောင်းကောင်းမြုပ်ပြီး အထိမ်းအမှတ်တိုင် စိုက်ပါ… အလောင်းတွေ တစ်ခုမှ မကျန်စေနဲ့…"

အမိန့်ပေးပြီးနောက် လက်ထောက်ဝူ ခုံပေါ်ထိုင်ကာ အဝေးတစ်နေရာသို့ ငေးနေသော ကောင်ကလေးဆီ အကြည့်ရောက်သွားသည်။ ၂ကြိမ်မြောက် ချောင်းမြောင်းအတိုက်ခံရခြင်း။ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ တစ်ဖွဲ့ကို ဖမ်းပြီးသော်လည်း နောက်တစ်ဖွဲ့က ထပ်ပေါ်လာတာလား။ ဒါမှမဟုတ် ဒီအဖွဲ့ကို ဖမ်းဆီးစဉ်က လွတ်မြောက်သွားသူတွေ လက်တုံ့ပြန်တာလား။ သူ ဝေခွဲရ ခက်လာသည်။














ကြင်ယာတော် "မို့ရန်"Where stories live. Discover now