မင်းကတော် မဒီ (အပိုင်း - ၂)

550 91 0
                                    






နန်းရင်းဝန်ကလေးဟာ ပိန်ပိန်ပါးပါး ၊ ရှည်ရှည်သွယ်သွယ်နဲ့ အမြဲမျက်မှောင်ကုတ်ထားတတ်တဲ့ လူရွယ်ပေါ့။ အဲဒီခေတ်က အရာရှိတွေထုံးစံ မုတ်ဆိတ်ကျင်စွယ်ရှည်ရှည်နဲ့ ခံ့ငြားသိုက်မြိုက်စွာ ဝတ်စားထားတဲ့အပြင် နန်းရင်းဝန်တို့ရဲ့ အမှတ်အသားဗောင်းတော်နဲ့ဆိုတော့ မနည်းတော့ ကြည့်ပျော်ရှုပျော်ရှိလာသလို ထင်ရသားရယ်။ နန်းရင်းဝန်ကလေး ဘယ်လောက်ရည်မှန်းချက်ကြီးမားပြီး လိုချင်တာကိုရအောင်ယူတတ်သလဲဆိုတာကို သိသူတိုင်းကတော့ မင်းကတော်မဒီလို လူမကနတ်တမျှ မိန်းမလှကို သူ့လိုရွက်ကြမ်းရည်ကြိုရုပ်ရည်ပိုင်ရှင်က ရအောင်ယူနိုင်ခဲ့တာကိုတော့ အံ့သြလှတယ်မရှိပါဘူး။ ရှင်းရှင်းပြောရရင် အရှိန်အဝါကြီးမားပြီး သက်တမ်းရှည်ကြာ အာဏာပြင်းလှတဲ့မိသားစုနှစ်ခုရဲ့ ပေါင်းစည်းမှုလို့ဆိုရမဲ့ လက်ထပ်ပွဲကို ကြံဆောင်ခဲ့ရင်း စုတ်အပြင်လာဘ်ပါဝင်သွားတဲ့ သဘောလည်း အများကြီးပါတာကိုး။ ဝန်ကလေးကတော့ မင်းကတော်မဒီရဲ့ရုပ်ရည်ကိုရော ၊ သူ့နောက်ခံမိသားစုရဲ့ အရှိန်အဝါကိုပါ အစွဲကြီးစွဲသွားတဲ့အတွက် ဒီလက်ထပ်မင်္ဂလာပွဲကို ဖြစ်မြောက်အောင် သူ့အမေကို အပူကပ်ခဲ့ရတာပေါ့။ မဒီရဲ့မိခင်ကတော့ ကွယ်လွန်သွားခဲ့ရှာာပြီဖြစ်ပေမ့ဲ
မဒီရဲ့ဖခင်နဲ့ ဝန်ကလေးရဲ့ဖခင်က လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ လက်ထပ်ပွဲက ချက်ချင်းပဲ အထမြောက်ခဲ့တာပါပဲ ။ မဒီကတော့ ဒီအစီအစဉ်ကို နည်းနည်းမှ သဘောမကျခဲ့ရှာဘူးတဲ့။ သို့ပေသိ အဲဒီခေတ်က ချမ်းသာတဲ့အိမ်တော်တွေက သမီးပျိုတွေရဲ့ ထုံးစံအတိုင်း တချိန်မှာမိသားစုရဲ့ အာဏာကို အထောက်အကူပြုနိုင်မယ့် မဟာမိတ်အိမ်တော်တွေရဲ့သားနဲ့ အိမ်ထောင်ပြုကိုပြုရမယ်ဆိုတာ ကြိုသိနေတာကတကြောင်းရယ်၊ ပြီးတော့ သူ့ခင်ပွန်းဖြစ်လာမဲ့သူဟာ သခင်လေးတပါးဖြစ်ရုံမက ခေတ်ပညာတတ်ပြီး ရာထူးရာခံကြီးကြီးမားမား ရှိပြီးသားသူဆိုတော့ အပြစ်ပြောစရာမရှိလှတာလဲပါတာပေါ့လေ။

လက်ထပ်ပြီးစမှာတော့ ခင်ပွန်းသည်ဝန်ကလေးက မဒီ့အပေါ်သည်းသည်းလှုပ်ခဲ့လေတော့ သူတို့ရဲ့အိမ်ထောင်ရေးဟာ သာယာခဲ့ပါတယ် ။ ဒါပေမဲ့ သားသမီးသုံးယောက်လည်း ထွန်းကားပြီးရော ရုတ်တရက်ပဲ ဝန်ကလေးဟာ သူ့ဇနီးမဒီလို မိန်းမချောမျိုးအပေါ် စိတ်ဝင်စားမှု လုံးလုံးလျော့သွားပြီး ဇာတ်မင်းသားပေါက်စတွေ ၊ ချောချောနုနု ကောင်ကလေးတွေဘက်ကို
စိတ်ရောက်သွားပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာတော့ ချိန်ရှိသရွေ့တူအရွယ်၊ ညီအရွယ် ဖြူဖြူသွယ်သွယ်နဲ့ ကနွဲ့ကလျ ကောင်ချောလေးတွေကို လုံးထွေးကျွေးမွေးလို့သာ နေတော့တယ်။ လူတွေကတော့ ဝန်ကလေးဟာ ဘာလို့များ ဒီလောက်လှလွန်းတဲ့ဇနီးကို အိမ်ထဲမှာပဲလျစ်လျူရှုပြီး ထည့်ပိတ်ထားသလဲဆိုတာကို နားမလည်နိုင်ကြဘူး။ ဒီလိုပဲ တရှိန်ထိုးတက်နေတဲ့ ခင်ပွန်းသည်ရဲ့ရာထူးအခြေအနေနဲ့ သူ့ဘဝကို အားကျစကားဆိုကြတိုင်းလည်း မင်းကတော်မဒီခမြာ ကိုယ့်အကြောင်းကိုယ်သာသိ ဆိုသလို ရင်ထဲမှာတော့မချိလှပေမယ့် ပြုံးပြုံးလေးပဲနေဖို့ ကြိုးစားခဲ့တာကြာလှပေါ့။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now