အပိုင်း (၄၆)

3.8K 488 20
                                    






တံခါးကို အသာတွန်းကြည့်သည်။ သော့ချက်ချထားပုံမပေါ်။ ဘေးဘီဝဲယာကို အကဲခတ်လိုက်ပြီး အခန်းထဲ လှစ်ခနဲဝင်သွားလိုက်သည်။ တံခါးကို အသံမထွက်အောင် တွန်းပိတ်ရင်း အခန်းထဲ ဝေ့ဝဲကြည့်သည်။ ကြေးမုံမှန်ရှေ့ထိုင်နေသော မိန်းကလေးက သူ့နောက် ဘယ်သူရောက်နေသည်ကို မကြည့်ဘဲ စကားစလာသည်။

"ကိုကိုကြီး… အချိန်မဟုတ်ဘဲနဲ့ ဘာလို့လာပြန်ပြီလဲ… ဘာလဲ… သတင်းထူးတာ ရှိလို့လား…"

မို့ရန် ထိုမိန်းကလေးနောက်ကို အသာလျှောက်သွားပြီး အနားရောက်သည်နှင့် ထိုမိန်းကလေးကို လက်ထဲအသင့်ကိုင်ထားသည့် ပန်းအိုးဖြင့် အသာရိုက်ချလိုက်သည်။ တဆက်တည်းမှာပင် မိန်းကလေးအား ကုတင်အောက်သို့ ထိုးထည့်ပြီး အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ဗီဒိုရှိ အဝတ်အစားအချို့ကို ယူလဲသည်။ မျက်နှာကို ပုဝါဖြင့် တစ်ဝက်အုပ်နေဆဲမှာပင် တံခါးခေါက်သံ ကြားရသည်။

"ဝင်လာခဲ့…"

"မမလေး… မှာထားတာတွေ ရောက်ပြီ…"

"အင်း… သင့်တော်သလို ထားထားလိုက်…"

"မမလေး… အသံက တစ်မျိုးကြီးပါလား… နေမကောင်းဘူးလား…"

နောက်သို့ မလှည့်ကြည့်မိစေရန် အတတ်နိုင်ဆုံးကြိုးစားပြီး လည်ချောင်းတဟန့်ဟန့်လုပ်ကာ

"ငါ… လည်ချောင်းနည်းနည်း နာချင်နေတယ်… ငါ့အတွက် ချင်းပြုတ်ရည် နည်းနည်းလောက် ယူလာခဲ့ပေး… ပျားရည်နည်းနည်းထည့်ခဲ့… သွားတော့…"

"ဟုတ်… မမလေး…"

အလုပ်သမားကောင်မလေး ထွက်သွားသည်နှင့် ကုတင်အောက်ရှိရာသို့ အပြေးသွားကာ

"တောင်းပန်ပါတယ် ကောင်မလေးရယ်… နောက်နေ့မနက်လောက်ဆို နင် သတိရလာမှာပါ… င့ါကို ဒါလေးတွေ ခဏငှားဦးနော်…"

မှန်တင်ခုံသို့ ပြန်သွားကာ ကြေးမုံဝါဝါတွင်ပေါ်နေသော ကိုယ့်ပုံရိပ်ကို ပြန်ကြည့်သည်။ ဒီလောက်ဆို မဆိုးသားဟု ကိုယ့်ကိုယ်ကို မှတ်ချက်ပေးရင်း လေယာဉ်ကွင်းလို ပြားချပ်နေသည့် ရင်ဘတ်သို့ အကြည့်ရောက်သွားသည်။ အထဲတွင် ပတ်စည်းထားသည့် အဝတ်ကို မဖြည်ဘဲ ဒီအတိုင်းဝတ်ထားသောကြောင့် ကြည့်လို့မကောင်း။ စားပွဲပေါ်ရှိ စားစရာတို့ကို မျက်စပစ်ရင်း ပေါက်စီနှစ်လုံးကို ယူကာ နေရာကျအောင် ထိုးထည့်သည်။

"အင်း…. အခုမှ ကြည့်ပျော်ရှု့ပျော် ရှိသွားတယ်…"

မို့မို့မောက်မောက် ဖြစ်သွားသည့် ရင်ဘတ်ကို ကိုင်ကာကိုင်ကာ သဘောကျနေသေးသည်။ အလုပ်သမားကောင်မလေးပြန်ရောက်လာပြီး ပေးသွားသည့် ချင်းပြုတ်ရည် အနည်းငယ်ကို ယူသောက်ပြီးနောက် Target ရှိရာ အခန်းသို့ တန်းတန်းမတ်မတ်သွားကာ အခန်းဝတွင် မတ်တပ်ရပ်လိုက်သည်။ ခဏနေတော့ သူမနှင့်ဟွာရှန့်ကိုနေရာပြပေးသည့် မိန်းမကြီး ရောက်လာပြီး သူမကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။ အနှီမိန်းမကြီးက သူမကို မှတ်မိပုံမရ။ မျက်လုံးကို ဦးစားပေး ပုံစံတစ်မျိုး ချယ်ထားသောကြောင့် ဖြစ်မည်။ ခေတ်သစ်က လာသူဖြစ်သောကြောင့် ဒီလောက်မိတ်ကပ်လောက် သူမအဖို့ အသာလေးပင်။

"အင်း…. မဆိုးဘူး… နောက်တစ်ခါ မျက်လုံးကို အရောင်နည်းနည်းပိုတောက်တာ သုံး…"

ထို့နောက် တံခါးကိုခေါက်ပြီး အထဲက ဝင်ဖို့ပြောသံကြားတော့မှ တံခါးကိုဖွင့်ကာ ဦးဆောင်ဝင်သွားသည်။ အထဲရောက်သည်နှင့် စားပွဲထိပ်တွင် ထိုင်နေသော အသက်၄၀ခန့် လူတစ်ဦးအား အရိုအသေပြုကာ

"သခင်ကြီး… ရောက်ပါပြီ…"

ထိုလူကြီးက မို့ရန်ကို အနားတွင် လာထိုင်ရန် အချက်ပြသည်မို့ မတုန်မလှုပ်ပုံစံဖမ်းပြီး အနားတွင် သွားထိုင်သည်။ ခဏနေတော့ သူတို့ပြောလက်စ စကားကို ဆက်ပြောနေကြသည်။ ခွက်ထဲတွင် အရက်ကုန်သည်နှင့် အရက်ငှဲ့ပေးသည်။ အနှီလူကြီးအား စားစရာတို့ကို ခွံ့ကျွေးသည်။ သူတို့ပြောသည့် စကားတို့ကို အများကြီးနားမလည်သော်လည်း အသေအချာမှတ်သည်။ စက်ရုပ်တစ်ရုပ်လို ပြုမူနေရင်းကပင် တစ်စုံတစ်ဦးက သူမကို စိုက်ကြည့်နေသည်ဟု ခံစားရသည်။ စားပွဲတွင် ထိုင်နေသည့် လူအားလုံးကို မျက်လွှာချရင်းကနေ ဝေ့ဝေ့ဝဲဝဲလုပ်ရင်း ဘယ်သူကြည့်နေလဲ ရှာသည်။ တံခါးထောင့်နားတွင် ထိုင်နေသည့် လူရွယ်တစ်ဦးက သူမကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို မြင်တော့ နှလုံးက ထိတ်ခနဲ ထခုန်သည်။

ဘုရားရေ… အစ်ကိုကွမ်းချီက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ… င့ါကို မမှတ်မိပါစေနဲ့….!!!

ရှက်ရွံ့သွားသည့် မိန်းမပျို ပုံစံဖမ်းကာ မျက်နှာလေးကို ငုံ့ရင်း ကယောင်ကတမ်းဖြင့် အရက်ကို ငှဲ့လိုက်မိသည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now