အပိုင်း (၄၇)

3.7K 446 9
                                    







အဆက်မပြတ်လိုက်လာသော ရဲမက်အုပ်ကြီးကို ဟွာရှန့် မျက်ခြေဖြတ်ရန်အတွက် တောအုပ်ဘက်သို့ လမ်းကြောင်းပြောင်းသည်။ ပြေးရင်းကနေပင် လူတစ်ယောက်က သူမတို့ရှေ့ ပိတ်ရပ်လိုက်ပြီး

"စစ်သူကြီး… ကျနော် သူတို့ကို မျှားခေါ်သွားလိုက်မယ်…"

ဟွာရှန့် ခေါင်းဆတ်ပြလိုက်ပြီး လမ်းခွဲကာ မို့ရန်၏ ခါးကိုပွေ့လျက်သားပင် တောအုပ်ဘက် ဆက်ပြေးသွားသည်။ မြေကြီးပေါ် ခြေချရုံပင်ရှိသေး။ မျက်လုံးပြူးချိန်ပင် မရလိုက်ချေ။

ဂျွတ်…

ဝုန်း….

အားလားလား… ငါ့ခါးကျိုးပါပြီတော်… !!!

မြေကျွင်းထဲ အကျမတော်ဘဲ ပြုတ်ကျသွားသည်။ ပြုတ်ကျသည့် ဒဏ်အပြင် သူမကိုယ်ပေါ် ပိနေသော ဟွာရှန့်ကြောင့် ခါးအတော်ပင် နာသွားသည်။

"ခင်ဗျားဗျာ… နာလိုက်တာ…."

ဟွာရှန့်က သူမပြောသည်ကို မကြားချင်ယောင်ဆောင်ပြီးမြေကျွင်းအပေါ်ကိုသာ စူးစမ်းနေသည်။ နံရံကို စမ်းကြည့်တော့ ချောမွေ့နေသည်။ အားသုံးကာ ခုန်သော်လည်း တွင်းဝပေါ်ရောက်ရန် ၃ပေလောက်အလိုတွင် ပြန်ပြုတ်ကျသည်။ မို့ရန်က ဟွာရှန့် သူမကိုယ်ပေါ် နောက်တစ်ခါ ထပ်ကျမည်ကို စိုးရိမ်သဖြင့် ၇ပေပတ်လည်လောက်လေးတွင် ပတ်ရှောင်နေသည်။

"ကျနော်တို့… ခဏလောက် နားရအောင်လေ… ခင်ဗျား ထပ်ခုန်လည်း ရမှာမဟုတ်တာ… မိုးလင်းမှ ကြိုးစားကြည့်ရအောင်… မကောင်းဘူးလား…."

မျက်နှာကို သဲသဲကွဲကွဲမြင်ရသည့် အလင်းရောင် မရှိသည်မို့ ဟွာရှန့်မျက်နှာထား ဘယ်လိုနေမလဲ သူမ မသိပါ။ မြေပေါ်ရောက်အောင် ကြိုးစားနေသော အနှီ ယောင်္ကျားကိုလည်း မဖြောင်းဖြတော့။ မြေကျွင်းထောင့်နားလေးတွင်သာ ငုတ်တုတ်ထိုင်ရင်း အိပ်ပျော်အောင်သာ အားထုတ်တော့သည်။ အချိန်တို့လင့်သွားပြီး မိုးသောက်ချိန်ရောက်လာသည်။ အလင်းရောင် ရလာသောကြောင့် မြေတွင်းကို ကောင်းကောင်းကြည့်လို့ရသွားသည်။ မြေတွင်းတွင် သစ်သားဆွေး အပိုင်းအစ အနည်းငယ်သာ ရှိပြီး မသုံးတာ ကြာဟန်တူသည့်အတွက် ရေညှိတို့ တွယ်နေပြီ။ ရေတွင်းပျက်နှင့် အလားသဏ္ဍာန် တူလှသည်။ နံရံတို့ကို လက်ဖြင့် ကလော်ကြည့်တော့ မြေစတို့ ပါလာသည်။ နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက် ရုတ်တရက် ကြည့်မိပြီး သစ်သားစတို့ဖြင့် အပေါက်ကလေးများ ရအောင် လုပ်သည်။ ဟွာရှန့်က ၁၀ပေလောက်ရောက်တော့ အပေါ်ကို အားဖြင့် ခုန်တက်သွားပြီး နွယ်ကြိုးရှာကာ သူမကို ပြန်ဆွဲတင်သည်။ အနီးအနားရှိ ချောင်းငယ်တစ်ခုတွင် ကိုယ်လက်သန့်စင်နေကြစဉ် ဟွာရှန့်က မေးလာသည်။

"မင်း… သူတို့ဆီက အိတ်ကို ယူခဲ့တာလား…."

"မယူလည်း လိုက်ဖမ်းမယ့်ဟာ…. အမြတ်ရအောင်လို့ ယူခဲ့တာလေ… ဟီးဟီး…"

"မင်းမှာ ဒီလိုအကျင့်လည်း ရှိတာပဲလား…"

"ဒါပေါ့… ပညာဆိုတာ မတတ်ကောင်းတာ ရှိလို့လား…. ဒီမှာကြည့်… ငွေစတွေအပြင် ရွှေတုံးတချို့တောင် ပါသေးတယ်… ဟမ် … ဒါက ဘာကြီးလဲ…"

သူမလက်ထဲက သားရေအပိုင်းအစကို ဟွာရှန့်ယူကြည့်လိုက်သည်။ ချယ်ရီပန်း ပန်းချီပုံသာ ရေးဆွဲထားသော်လည်း သေချာကြည့်လျှင် သစ်ကိုင်းအခက်များက လမ်းများနှင့်တူပြီး ချယ်ရီပွင့်တို့က နေရာတို့ကို ဖော်ပြနေသယောင်ယောင်။ သားရေပေါ်က ပန်းချီကို ကြည့်ရင်းကနေ မယ်တော်၏ စကားသံအချို့ကို ပြန်ကြားလာသည်။

"ကောင်းမင်… သားတော် လမ်းပျောက်နေရင် ချယ်ရီတို့က လမ်းမှန်ပြပေးလိမ့်မယ်…"

ကြင်ယာတော် "မို့ရန်"Where stories live. Discover now