ရမ္မက် - အပိုင်း (၄)

480 54 4
                                    






အဲ.. လူမသိသူမသိဆိုပေမဲ့ အင်မတန်မျက်စိစူးတဲ့ သူ့မိတ်ဆွေယန်ဆီကနေတော့ ဖုံးကွယ်လို့ မရခဲ့ဘူး။ ယွင်ချန် ပုချိန်မြို့ကိုပြန်ရောက်လာတယ် ကြားတော့ ယန်ကသူ့ကို စွီအိမ်တော်မှာ လာတွေ့တယ်။ ယွင်ချန်နဲ့ အင်ကြင်းကို တစ်ချက်ပဲကြည့်ပြီး ယန်ကမေးတော့တာ။

“...ခင်ဗျားတို့ဟာ မရိုးဘူးနော်..ယွင်ချန်.. အခုဘယ်အခြေအနေ ရောက်နေပြီလဲဗျ…….”

အပြင်လူတောင်ရိပ်မိမှတော့ အင်ကြင်း ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ၊ စွီကတော်က ဝမ်းနဲ့လွယ်မွေးထားတဲ့ အမေမဟုတ်ပါလား။ ချက်ခြင်းသိသွားတာပေါ့။ နောက်ရက်မှာ ချက်ခြင်းပဲ အင်ကြင်းကို ခေါ်မေးတယ်။ အင်ကြင်းကတော့ လုံးဝဥဿုံ ယုံကြည်စိတ်ချမှုမျိုးနဲ့ပြန်ဖြေတာပဲ။

“…ဟုတ်ပါတယ်..မယ်မယ်… ကျွန်မတို့ မေတ္တာမျှနေကြပါပြီ… အခုလဲ သူနေပြည်တော်က အရည်အချင်းစစ်စာမေးပွဲကို အောင်တာနဲ့ ပြန်လာပြီး… မယ်မယ့်ကို နားဖောက်မယ်လို့ ဆိုပါတယ်….”

ယွင်ချန်နေပြည်တော်ကို ပြန်မသွားခင် ညနေမှာတော့ အင်ကြင်းနဲ့နှစ်ယောက်တည်း တွေ့ဖို့အခွင့်အရေးရတယ်။ ယွင်ချန်ကတော့ သက်ပြင်းတချချနဲ့ ခရွဲမှာသဲမြညှာရယ် လုပ်နေပေမဲ့ အင်ကြင်းကယွင်ချန်နဲ့ ပြန်ဆုံရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သေချာနေသလိုကို ခပ်အေးအေးပဲ။ အဲဒါဟာ အင်ကြင်းရဲ့တခြားမိန်းကလေးတွေနဲ့ ကွဲထွက်နေတဲ့စရိုက်တွေထဲက တခုပေါ့။ ယွင်ချန်ရဲ့ရင်ခွင်ထဲမှာ တုန်ယင်လှိုက်မော နေတတ်တဲ့မိန်းကလေးဟာ အရေးကြုံလာရင် ယောက်ျားကြီးဖြစ်တဲ့ ယွင်ချန်ထက်တောင် သက်လုံကောင်းပါသေးတယ်။ ဆုံးဖြတ်စရာရှိတာတွေကို ခေါင်းအေးအေးနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်တတ်တဲ့အပြင် ဘာချစ်တာတွေ၊ မေတ္တာတွေ ၊ သံယောဇဉ်တွေမှ ကြားဝင်မခံဘူး။ ယွင်ချန်ကသာ ဝမ်းနည်းညှိုးငယ်နေပေမဲ့ အင်ကြင်းကတော့ တည်တည်ငြိမ်ငြိမ်ပဲနှစ်သိမ့်တယ်။

“…တစ်သက်လုံးခွဲရမှာမှမဟုတ်တာ..မောင်ရယ်..အားတင်းမှပေါ့… အခုခွဲကြရတာဟာ.. နောင်တချိန်မှာ နီးကြရဖို့ပဲမဟုတ်လား.. ရှေ့ရေးဆိုတာက ရှိသေးတယ်လေ.. ကျွန်မမောင့်ကို စောင့်နေမှာပါ……”

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now