Chapter 7
46.3K 4K 42
>>>>>Unicode<<<<<
သျှန်နောင်တစ်ယောက် ဆိုင်တွင် စီမံစရာရှိသည်များကို စီမံပြီး၍ ဆေးရုံရောက်တော့ ကျားကြီးကို မမှီတော့ပြီ။
ငိုကြွေးပူဆွေးနေသော ကျားကြီး၏ဇနီးနှင့်သားဖြစ်သူတို့ကို ကြည့်၍သာ သူ့မှာ မချိတင်ကဲဖြစ်ရပါတော့သည်။ ၃၈နှစ်ဆိုသည် ကြွေရန်စောလွန်းသော အရွယ်မဟုတ်ပါလား။ အထူးသဖြင့် လမ်းမှန် ပေါ်သို့ ခက်ခက်ခဲခဲရောက်လာပြီးမှ လှမ်းလျှောက်ရန် ကြံရုံရှိသေးသည် မရဏတရားကား မျက်နှာသာမပေး သက်ညှာခြင်းမရှိ။ ပြန်လမ်းမရှိသော ကမ္ဘာသို့ ခေါ်ငင်သွားချေပြီ။ မတရားလိုက်သည်များ!!
ကျားကြီး မင်္ဂလာဆောင်နေ့က သူ့အား ပြောခဲ့သည်များကို ယခုတိုင် မှတ်မိပါသေး၏။
"ကျွန်တော် မိန်းမရပြီ ဆရာရေ။ မကြာခင် သားသမီးတွေရတော့မယ်။ ဒီလောကက ဝင်ပြီးရင် ထွက်ဖို့မလွယ်ဘူးတဲ့။ ဒါပေမယ့် သူတို့လေးတွေအတွက် ကျွန်တော်လိမ္မာမှ ဖြစ်မယ်။ ကျွန်တော်လျှောက်တဲ့ လမ်းကို သူတို့ကို မလျှောက်စေချင်ဘူး ဆရာရယ်။"
ကျားကြီးသည် ပညာကောင်းစွာ မတတ်သည့်တိုင် ပြောသည့်စကားတစ်ခွန်းကိုတော့ ကောင်းမွန်စွာထိန်းသိမ်းခဲ့ပါသည်။ ဉာဏအားနည်းသော ကျားကြီးသည် ဇနီးနှင့် သားသမီးများကို ကာယအားဖြင့် သမာဇီဝကျကျ ရှာဖွေကျွေးမွေးခဲ့သည်မှာ အားလုံးအသိပင်။ ယခုတော့ ဤသို့သောလူမျိုးကိုမှ...!!
သူ့အား တကြိမ်က ပြောခဲ့ပါသေးသည်။
" ကျွန်တော်ဒီအခြေအနေ ရောက်လာပြီးတော့မှ နောက်ပြန်မဆုတ်ချင်တော့ဘူး ဆရာရယ်။ သေကာမှ သေရော နောက်တစ်ကြိမ်တော့ ထောင်ထဲမဝင်တော့ဘူးဗျာ။"
"ဪ ကျားကြီးရယ် ခင်ဗျား ဒါတွေကို သိလို့များ ပြောခဲ့လားဗျာ။"
သျှန်နောင် ရင်တစ်ခုလုံးမှာ ယူကြုံးမရမှုများဖြင့် ပေါက်ကွဲမတတ် ရှိချေ၏။ ဝေ့တက်လာသော မျက်ရည်တို့ကို အံ့ကြိတ်ကာ အကြိမ်ကြိမ်ပင် တောက်ခေါက်မိပါတော့သည်။
"တောက်! တောက်!"
ထိုစဉ် သူ့ ပုခုံးအား ဆုပ်ကိုင်အားပေးလာသော လက်ကြောင့် မော့ကြည့်မိတော့ သူကဲ့သို့ပင် မျက်ရည်များဝေ့သီနေသော မျက်လုံးများနှင့် ကြည့်လာသော ချူးဝေကို တွေ့လိုက်ရသည်။