Chapter 8
49.4K 3.9K 156
>>>>>Unicode<<<<<
မိုးက သည်းသည်းမည်းမည်းရွာသည်မှာ မနက်မိုးမလင်းခင်ကတည်းက။ ယခုဆိုလျှင် နေ့လယ် ၂နာရီရှိပြီဖြစ်သော်လည်း ထိုမိုးက မရပ်သေး။ ယခင်အပတ်ကဆိုပါလျှင် သျှားအိမ်တစ်ယောက် ဒီလိုရာသီဥတုမျိုးနှင့် အိပ်ရာထဲတွင် ကောင်းကောင်းနှပ်နေမိမည်ဖြစ်သော်လည်း ယခုတော့ သူ့ကော်ဖီဆိုင်လေး ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်ရမည့်ကိစ္စရပ်တို့ ရှိနေသည်မဟုတ်လား။ ထို့အပြင် ဤဆိုင်လေး၏ Grand Opening အတွက်ပါ စိတ်လှုပ်ရှားနေမိသည်ဖြစ်ရာ ယခင်ကလို နှပ်မနေနိုင်ပါပေ။
ဆိုင်လေးကား အထင်ကရ shopping center တစ်ခု၏ ဘေးတွင် တည်ရှိပြီး မျက်နှာစာက လမ်းမနှင့်ယှဉ်လျက်ရှိသည်။ ဆိုင်ဘေးရှိ မြေကွက်လပ်လေးတစ်ခုတွင် Parking lot တစ်ခုနှင့် ဥယျာဉ်ငယ်လေးတစ်ခုအား landscaping သေချာကျနစွာ ပြင်ဆင်ထားကာ ဆိုင်ကလေး၏ အ‌ရှေ့တစ်ခြမ်းက အလင်းရောင်ကောင်းစွာရအောင် မှန်များဖြင့် ကာရံထားသည်။
အတွင်းပိုင်းပြင်ဆင်မှုအနေနှင့် Kitchen ရှိသော အခြားတစ်ဖက်ရှိ နံရံတွင် ပန်းချီကားတချို့ ချိတ်ဆွဲထားသည်။ ထို့‌အပြင် စားသုံးသူများ ထိုင်ရန်အတွက် ပုံမှန်စားပွဲနှင့် ထိုင်ခုံအစား ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ဆိုဖာပုလေးများ၊ ကြိမ်ခုံလေးများအပြင် လှေကားထစ်ကဲ့သို့သော ထိုင်စရာနေရာလေးများကိုပါ စီစဉ်ထားရှိသည်။ တဖန် ခေတ်ရေစီးကြောင်းအတိုင်း selfie ဆွဲ၍ ကောင်းအောင် ပန်းအိုးများ၊ ရုပ်ထုလေးများဖြင့်ပါ အလှဆင်ထားပြန်သည်။
သျှားအိမ်မှာ ကော်ဖီဖျော်စက် အသုံးပြုပုံကို အလုပ်သမားများအား သင်ကြားပြသပြီးလျှင် တစ်ဦးချင်းစီကို စမ်းသပ်ကိုင်တွယ်ခွင့်ပြုထားလိုက်သည်။ သူကတော့ ဆိုင်ရှေ့တွင် ခေတ္တမျှနားနေကာ အလုပ်သမားများ၏ ကိုင်တွယ်လုပ်ဆောင်ပုံကို အဝေးမှအကဲခတ်နေသည်။ ထိုစဉ် မျက်ထောင့်တွင် တွေ့လိုက်ရသော သဏ္ဌာန်တစ်ခုကြောင့် သေချာကြည့်မိတော့... သျှန်နောင်! ထုံးစံအတိုင်း ရှပ်အင်္ကျီလည်ကတုံး မီးခိုးရောင်နှင့် ယောပုဆိုးအနက်ရောင်ကို ဝတ်ဆင်ထားပြီး ရပ်ထားသော ကား၏ အင်ဂျင်ဖုံးကိုဖွင့်ကာ ကြည့်နေသည်။ ဤတွင် သျှားအိမ်မှာ ထိုင်နေရာမှ ချက်ချင်းပင်ထကာ ထီးယူလိုက်ပြီး ဆိုင်အပြင်သို့ ထွက်ခဲ့တော့သည်။