Chapter 11
45.5K 3.7K 79
>>>>>Unicode<<<<<
ယနေ့ဆိုလျှင် သျှားအိမ်၏ ဆိုင်လေး သုံးပတ်ပြည့်ပြီဖြစ်သည်။ ဆိုင်သစ်လေးအနေဖြင့် သိပ်မဆိုးဟု ဆိုရမည်။ weekdays တွင် ညဦးပိုင်းအထိ လူရှိတတ်ပြီး ပိတ်ရက်များတွင်ကား တနေ့လုံးနီးပါးမျှ စည်ကားတတ်သည်။
ထိုသုံးပတ်အတွင်းတွင် ပုံမှန်လည်ပတ်နေကျအကြောင်းအရာတစ်ခုကိုဖော်ပြဟုဆိုလျှင် သျှန်နောင်ကို လက်ညိုးထိုးရပေမည်။ သျှန်နောင်က သူ့ဆိုင်လေးအား တစ်ပတ်လျှင် သုံးရက်မျှ ဆိုင်ဖွင့်ဖွင့်ခြင်းအချိန် ဝင်လာတတ်ပြီး သျှားအိမ်ဖျော်သော ကော်ဖီနှင့် မုန့်တစ်မျိုးကို မနက်စာအဖြစ် စားပြီးမှ အလုပ်သွားလေ့ရှိသည်။ သျှားအိမ်မှာလည်း ဤရက်ပိုင်းတွင် ဆိုင်မှာပင် မနက်စာစားသည်ဖြစ်ရာ သျှန်နောင်လာသောနေ့များတွင် နှစ်ဦးသား မနက်စာအတူစားလေ့ရှိသည်။
ယနေ့မနက်လည်း သျှားအိမ် ကော်ဖီနှပ်နေရင်းမှ လည်တဆန့်ဆန့်ရှိနေပါ၏။ ထိုစဉ် parking lot ထဲသို့ ကားအနီလေး ချိုးဝင်လာသည်ကို မြင်လျှင် ပြုံးလိုက်မိသည်။ ထို့နောက် ကားပေါ်မှ ဆင်စွယ်ရောင် လည်ကတုံးရှပ်အင်္ကျီနှင့် နက်ပြာရောင် ယောပုဆိုး ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဆင်းလာကာ ဆိုင်ထဲသို့ဝင်လာတော့သည်။
သျှန်နောင်က သျှားအိမ်ကို အပြုံးနုနုတစ်ခုဖြင့် နှုတ်ဆက်လိုက်ပြီး သူထိုင်နေကျ စားပွဲတွင် ဝင်ထိုင်လိုက်သည်။
သျှားအိမ်ကမူ အလိုက်တသိပင် မနက်စာကို ပြင်ဆင်ပါတော့သည်။ သျှန်နောင်မှာ သျှားအိမ် နှပ်သောကော်ဖီမှလွဲ၍ မည်သည့်အခါမျှ ဘာလုပ်ပေးပါဟု တောင်းဆိုသည်မရှိ။ သျှားအိမ် မေးလျှင်တောင်မှ "ခင်ဗျား ဘာrecommend ပေးလဲ" ဟု မေးကာ သျှားအိမ် ပြောပြသမျှအမည်များကို စိတ်ဝင်တစားဖြင့် နားထောင်သည်။ သို့သော် နောက်ဆုံးတွင်ကား "အင်း ခင်ဗျား အဆင်ပြေတာလုပ်ပါဗျာ" ဟုဆိုမြဲ။ ထို့ကြောင့် သျှန်နောင် ဘာစားမလဲကို မေးမနေတော့။ ယနေ့အတွက် မနက်စာအဖြစ် toasted bread, scramble egg နှင့် sausage ကို English Breakfastဆန်ဆန် ပြင်ဆင်လိုက်သည်။
အားလုံးပြင်ဆင်ပြီးသည်နှင့် စားစရာပန်းကန်များနှင့်အတူ ကော်ဖီခွက်နှစ်ခွက်ကိုပါ လင်ဗန်းခပ်ကြီးကြီးတစ်ခုဖြင့် ထည့်ယူပြီး သျှန်နောင်ရှေ့တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စားစရာကိုသာ အာရုံစိုက်၍ တိတ်ဆိတ်စွာ စားကြသည်။ ပန်းကန်ထဲမှ မနက်စာတို့ကုန်ပြီးဆိုမှ နှစ်ဦးသား ကော်ဖီသောက်ရင်း ခေတ္တမျှ စကားစမြည်ပြောသည်။ ဤကား ထုံးစံ။