Chapter 16
43.8K 3.6K 242
>>>>>Unicode<<<<<
တနေ့က အဖြစ်ကို သင်ခန်းစာယူကာ သျှားအိမ်တစ်ယောက် ဒီနေ့တော့ စောစောထပြီး ဆိုင်ဘက်သို့ ထွက်လာခဲ့သည်။ အသွားလမ်းတလျှောက် လျှောက်နေရင်းဖြင့် တစ်ယောက်သောသူအကြောင်းကိုတွေးမိသည်။ သူတို့နှစ်ဦး၏ တွေ့ဆုံမူကား အတော့်ကို ကကျိုးကကြောင်နိုင်လှသည်။ တစ်ခါမှ မမြင်ဖူးသော ယောက်ျားတစ်ဦးကို ခပ်တည်တည်ဖြင့် လက်ဆွဲကာ "ကို" ဟု ခေါ်ပြီး ကိုယ့်ကိုယ်ကိုယ် "မောင်"ဟု ပြောဖို့ဆိုသည်မှာ တော်တော့်ကို အရှက်မရှိသော အပြုအမူမျိုးဖြစ်သည်။ သို့တိုင်အောင် ပြန်တွေးမိတိုင်း သူ့မှာ သဘောကျစွာ ပြုံးမိသည်ချည်းသာ။ ထိုစဉ်က သမင်မျက်ဝန်းများကို ယခုတိုင်သူမှတ်မိနေပါသေးသည်။ သူ့ကို အံ့သြမူတဝက် စူးစမ်းတဝက်ဖြင့် ငေးစိုက်ကြည့်နေတာများ မျက်လှည့်အပြခံလိုက်ရသော ကလေးတစ်ဦးလို။
"ဒီလူ မိန်းမတွေ ဘာတွေများ မရှိဘူးလား မသိဘူး။"
သူ တခါမျှမစဉ်းစားမိသော အချက်တခုကို သတိရသွားသည်။ ထိုသူကဲ့သို့ ရုပ်ရည်ရော၊ စည်းစိမ်ပါပြည့်စုံသော လူတစ်ယောက်တွင် အိမ်သူသက်ထားမရှိလျှင်တောင် ရည်ရွယ်ထားသူတော့ရှိနေနိုင်သည် မဟုတ်ပါလား။ သို့သော် ထိုအတွေးကပင် သူ့ကို မနှစ်မြို့မှုတစ်ခုကို ဆောင်ယူလာကာ သက်ပြင်းအကြီးကြီးချမိပါတော့သည်။
"ကျွတ်... သျှားအိမ်ရေ... မင်းတော့ အကြီးကြီး မှားနေပြီနဲ့တူတယ်။"
သျှားအိမ် လျှောက်ရင်းဖြင့် ဆိုင်လေးရှေ့ရောက်လာသည်တွင် အတွေးစများကို ဖြတ်တောက်ကာ ဆိုင်ဖွင့်ခြင်း အမှုကို စတင်လိုက်ပါသည်။ ဆိုင်တံခါးများဖွင့်၍ မကြာမီမှာပင် ကိုတိုးနှင့် ဖြူဖြူရောက်လာသဖြင့် သန့်ရှင်းရေးတာဝန်များခွဲပေးပြီး သူကတော့ ကော်ဖီနှပ်နေလိုက်သည်။ ကော်ဖီစက်ကိုင်ရင်းမှ တနေ့မှ သျှန်နောင်၏ ထိထားဟန်မတူသော ကော်ဖီခွက်ကိုသတိရသွားမိသေးသည်။
ထိုစဉ် မျက်ထောင့်တွင် မြင်လိုက်ရသော သဏ္ဌာန်တစ်ခုကြောင့်လှည့်ကြည့်လိုက်တော့ အနက်ရောင်လည်ကတုံးရှပ်အင်္ကျီနှင့် ခဲရောင်ယောပုဆိုးကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး။ ဆိုင်ဝတွင်ရပ်ကာ အပြုံးနုနုတစ်ခုဖြင့် သူ့ကိုကြည့်နေသည်။ ထိုအပြုံးက သူ့၏ မနက်ခင်းများကို တောက်ပစေလေသည်။