Chapter 20
47.6K 3.6K 277
Warning ⚠️: Violence
>>>>>Unicode<<<<<
သျှားအိမ်မှာ အတွေးများ၏ ညှင်းပန်းမှုကြောင့် တစ်ညလုံးအိပ်မရပါ။ တစ်ညလုံး ထိုအတွေးဆိုသည်များက သျှန်နောင်ထံတွင်သာ တဝဲလယ်လယ်နှင့်။ ဘယ်လို့မှကို ဖြတ်တောက်၍မရ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်လာတော့သည်။
'ကျွတ်... ငါနော်...'
အိပ်မလို့ မျက်စိမှိတ်ပါသည်။ ထို hickey များက မျက်လုံးထဲ ပေါ်လာကာ အိပ်မရ။ အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်... အထူးသဖြင့် အသက် ၃၀ ကျော်ပြီဖြစ်သော လူလွတ်အမျိုးသားတစ်ဦးတွင် ထိုကဲ့သို့သော ကိစ္စများရှိသည်မှာ သိပ်ပြီး အရေးကြီးခွင်ကျယ်လုပ်ရမည့် အကြောင်းခြင်းရာတစ်ခု မဟုတ်မှန်း သူ သိပါသည်။ သူကိုယ်တိုင်လည်း ဤသို့သော ကိစ္စများနှင့် မကင်းသော်ငြား မကျေမနပ်ဖြစ်မိသည်မှာ တားမရစီးမရ။
'... ဒါ ဘယ်နည်းနဲ့မှ အပျော်ကောင်မလေးတွေရဲ့ လက်ချက်မဖြစ်နိုင်ဘူး။ ဒါဆို ရည်းစားတွေဘာတွေများလား...'
ပြန်တွေးကြည့်တော့ ထိုလူက သူ့ထံတွင် ရည်စားမရှိဟု တခါမျှမပြောဖူးပါ။ သျှားအိမ်မှာ သူ့အတွေးနှင့် သူ ဆို့နစ်သွားရသည်။
'.... ရည်းစားဟုတ်ရင်လည်း မင်းဘာမှ မတတ်နိုင်ဘူးလေ... သျှားအိမ်ရယ်... သူကော၊ မင်းကော ယောက်ျားတွေလေ။'
ထိုအတွေးများက သူ့ရင်ထဲမှ လိုချင်တောင့်တနေသောအရာတစ်ခုကို အဝေးသို့ လွှင့်ပစ်လိုက်လို ခံစားရသည်။ ဤတွင် သူ့နှလုံးသားက နာကျင်မှုဖြင့် ဆတ်ဆတ်ခါလာတော့သည်။ ဘာကြောင့်လဲ။ ဘာကြောင့် သူ့ရင်တွေကွဲမတတ်ခံစားရတာလဲ။ ထိုဆုံးရှုံးသွားသည်ဟု ခံစားရသော အရာက ဘာများလဲ။
'ဘုရား..!!!'
သူ ထိတ်လန့်တကြားဖြင့် ထထိုင်လိုက်မိပါသည်။ သူတောင့်တနေသောအရာကို သူသိရှိသွားခဲ့ပါပြီ။ ဤအရာက အမျိုးသားတစ်ဦးဆီမှ မတောင့်တသင့်သော အရာဖြစ်ပါသည်။ ထို့အတူ သူ၏ နှလုံးသားထဲတွင် ကိန်းဝပ်နေသော ထိုခံစားချက်တို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပါသည်။ ဘယ်တုန်းကများ ဒီခံစားချက်က သူ့ရင်ထဲ သန္ဓေတည်နေပါသနည်း။ သူမသိပါ။ သို့သော် ထိုခံစားချက်သည်လည်း သူနှင့်မျိုးတူဖြစ်သော ထိုပုရိသအပေါ်တွင် မထားသင့်သော ခံစားချက်ဖြစ်ပါသည်။