Chapter 54
34.8K 2.6K 147
>>>>>Unicode<<<<<
"ကိုချူးဝေရေ အမျှ... အမျှ.... အမျှ..."
"သာဓု... သာဓု... သာဓု"
ချစ်သူ၏ အိမ်အပြင်ဘက်ဆီသို့ လျှံကျလာသော အမျှဝေသံတို့က သူ၏ ရင်ကို ဓါးတစ်လက်ဖြင့် မွှန်နေသကဲ့သို့နှယ်။ သူ့ နှလုံးသားတခုလုံးမှာ နာကျင်မှုတို့ဖြင့် ထုံကျဉ်၍ နေသည်။
"ကိုချူးဝေရေ အမျှ အမျှ အမျှ...."
မိုင်းမိုင်၏ အမျှဝေသံတို့မှာ တိုးညှင်းသွားရာမှ ရှိုက်သံတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဝမ်းနည်းမှုတို့က လည်ချောင်းဝ၌ တစ်ဆို့ကာ သာဓုခေါ်ခြင်းအမှုကို ပိတ်ပင်ဆီးတာ၍ နေသည်။ သို့သော်လည်း ချစ်သူအတွက် အမျှကိုတော့ ပြီးဆုံးအောင် ဝေရမည်။ ဤသည်က ချစ်ရသူအတွက် နောက်ဆုံးလုပ်ဆောင်ပေးရမည့် သူ၏ တာဝန်ဖြစ်သည်။
"ကိုချူးဝေရေ အမျှ... အမျှ.... အမျှ......"
တစထက်တစ ကြီးထွားလာသော ဆို့နစ်မှုကို ရသမျှ တွန်းလှန်ကာ နောက်ဆုံးအကြိမ်အဖြစ် အမျှဝေလိုက်ပါ၏။ သူ အောင်မြင်ပါ၏။ သို့သော်လည်း နှလုံးသားကတော့ ငရဲတမျှ နာကျင်မှုတို့ဖြင့် ကျွမ်းလောင်ကာ ပြာမှုံမျှပင် မကျန်တော့ပြီ။ စက္ကန့်နှင့်အမျှ ခက်ခဲ၍လာသော အသက်ရှူခြင်းတို့နှင့်အတူ အမြင်အာရုံသည် ဝေဝါး၍လာသည်။ သူ မသိလိုက်သောအချိန်မှာပင် သူ့လက်မှ ရေစက်ခွက်သည် ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားကာ သူ၏ခန္ဓာကိုယ်သည်လည်း အေးစက်မာကျောသော ကြမ်းပြင်ပေါ်သို့...။
"ကိုကြီး....."
သူ့အား နာကျင်မှုတို့မှာ အကာအကွယ်ပေးနိုင်မည် တစ်ခုတည်းသော ရင်ခွင်ကို တောင့်တလိုက်မိသည်။ သူမေ့သွားခဲ့သည်။ ထိုရင်ခွင်ကို ခိုဝင်ရန် ဒီတစ်သက် မဖြစ်နိုင်တော့ပြီ။
"ကိုကြီး ကျွန်တော့်ကို မထားခဲ့ပါနဲ့။"
သူတကျော်ကျော်အော်ဟစ်ကာ တောင်းပန်နေပါသော်လည်း သူ့အသံအား မည်သူမျှမကြားနိုင်။ စကားလုံးတိုင်းက လည်ချောင်းဝတွင် ပျောက်ဆုံးသွားသလို သူ ကြားစေလိုသော လူကလည်း လူ့လောကတွင်မှ မရှိတော့ပဲ။ ဒါဆို သူ ဘယ်လို လုပ်ရပါ့။ သူ၏ ရင်ထဲမှ ငရဲကို ဘယ်လို ငြိမ်းသတ်ရပါ့။ ဒီဆုံးရှုံးမှုကို ဘယ်လိုရင်ဆိုင်ရပါ့။ သူ တွေးရင်းဖြင့် ကြောက်လာသည်။ ကိုကြီးမရှိဘဲ သူ ဘယ်လို အသက်ရှင်ရမလဲ။ သူ့ဘဝ၏ တွယ်ရာ ပန်းတိုင်ကား ပျက်သုန်းသွားခဲ့ပြီလေ။