Chapter 58 (Final)
72.5K 3.3K 226
>>>>>Unicode<<<<<
"နန်းနောင်ရေ အမျှ... အမျှ... အမျှ...."
ဦးဇေဟိန်း၏ အမျှဝေသံကား အိမ်အပြင်ဘက်ဆီသို့ ပြန်လွင့်လာတော့သည်။
"သာဓု... သာဓု... သာဓု...."
သျှန်နောင်မှာ သာဓုခေါ်သံများကြားဝယ် အသက်ကို ခိုးရှုနေရသည်။ ရင်ထဲမှ ဝမ်းနည်းမှုတို့က ဆိုးဝါးစွာ လှိုက်၍တက်လာသည်။ သူ့အပေါ်တွင် မည်မျှပင် ကလေးတစ်ဦးလို ဆိုးနေပါစေ။ တစ်ဦးထုံဆင်းမွေးချင်းတစ်ဦး ဆုံးရှုံးရခြင်းသည် အစားမထိုးနိုင်သော ဆုံးရှုံးမှုပင်။ သူ့ နဘေးတွင် ထိုင်နေသော မိုင်းမိုင်မှာလည်း သူနှင့် ထူးမခြားနား။ မျက်ရည်တစ်ချက်မကျသော်ငြား မျက်နှာပေါ်တွင် ဝမ်းနည်းနေမှုတို့က အထင်းသား။
ရက်လည်ဆွမ်းကျွေးကား ပြောရမည်ဆိုလျှင် လူစည်ကားသော်လည်း အားလုံးက လူမှုရေးကြောင့်လာသော ဦးဇေဟိန်း၏ စီးပွားဖက်များသာ။ နန်းနောင်အတွက် တကယ်လာသူဟူ၍ သျှန်နောင်နှင့် မိုင်းမိုင်သာရှိသည်။
အသုဘမှာပင် စီးပွားရေး၊ ကြီးပွားရေးကို ဆွေးနွေးနေနိုင်သော ထိုလူများကြောင့် သျှန်နောင်ရော မိုင်းမိုင်ပါ မွန်းကျပ်လာပါတော့သည်။ သို့သော် နန်းနောင်အတွက် နောက်ဆုံးလုပ်ပေးနိုင်သည်ကို လုပ်ပေးလိုသည်ဖြစ်ရာ နှစ်ဦးသား ကြိတ်မှိတ်၍ ပွဲပြီးသည်အထိနေကာ အလှူအား ကူညီလုပ်ဆောင်ပေးသည်။ ထို့ပြင် ဦးဇေဟိန်း၏ ကျန်းမာရေးအခြေအနေမှာ သိပ်၍ ကောင်းလှသည်မဟုတ်။ နှလုံးရောဂါဖြင့် လူက ရောဂါဒဏ်၊ ဆေးဒဏ်တို့ ခံစားရသည့်အထဲတွင် သားဖြစ်သူ ဈာန်လင်းခန့်မှာ မူးယစ်ဆေးဝါးသုံးစွဲရင်းမှ ရှော့ခ်ရကာ တနေ့ကပင် ဆေးရုံတင်လိုက်သည်။ သူကြားသိသလောက် ဈာန်လင်းခန့်မှာ သူ့အကြောင်း မေဇူးမောင်သိသွားကတည်းက စိတ်ညစ်ညစ်ဖြင့် ဆေးစသုံးနေသည်ဟူ၏။ အစကတော့ နည်းနည်း စတိသဘောမျှ။ နောက်တော့ မေဇူးမောင်နှင့် ကလေးအားထည့်ပေးလိုက်ရသည်ကို အကြောင်းပြကာ အမှန်အကန်ကို ဆက်လက်သုံးစွဲတော့သည်။ မည်သူဖြောင့်ဖျဖြမရတော့။
"သျှန်နောင် သားကို သွားကြည့်လိုက်ပါဦး။ မင်းကို မေးနေတယ်"