အပိုင်း - ၄ (Zawgyi + Unicode)

24.1K 3.1K 294
                                    

#For Zawgyi

ဒီနေ့ ဘွားဘွားက အန်တီခင်နဲ့အတူ မနက်စောစောကတည်းက သူတို့အိမ်သို့ ရောက်နေ၏ ။ မီးဖိုချောင်ကို ဘွားဘွားကိုယ်တိုင်ဝင်ပြီး မနော်နဲ့အတူ စီမံခန့်ခွဲနေပုံထောက်တော့ အိမ်သို့ အရေးကြီးဧည့်သည် ဖိတ်ထားသည့်ပုံပင် ။

ဘွားဘွား ဒီလို ပျာနေပုံအရ ဧည့်သည်က နှယ်နှယ်ရရပုဂ္ဂိုလ်တော့ မဟုတ်လောက် ။ အင်း... ဘယ်လို ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သူနဲ့တော့ မဆိုင်ပါ ။ ဘွားဘွားကလည်း သူ့လို ပါချီပါချက်မြေးတစ်ယောက်ကို အရေးအရာလုပ်ပြီးလည်း မိတ်ဆက်ပေးနေမှာမဟုတ် ။ ဧည့်သည်လာသည့်အချိန် ထုံးစံမပျက် ကိုယ့်အခန်းထဲကိုယ် ဝင်ပြီး ငြိမ်ကုပ်နေလိုက်ရုံသာ...။

ဟော....ခြံဝက ကားသံ ။ ဧည့်သည်လာပြီထင်သည် ။ အစက သူ့ကို ခိုင်းချင်တာရှိရင် ခိုင်းရအောင် အောက်ထပ်မှာ စောင့်နေပေမယ့် ဧည့်သည်လာပြီဆိုတော့ သူ အလိုက်တသိ အပေါ်တက်ခဲ့လိုက်သည် ။

သူဆိုတာ ဘွားဘွားအတွက် ဘယ်တုန်းကမှ ဘောင်မဝင်ခဲ့တဲ့ မြေးမဟုတ်လား....။

ကိုယ့်အခန်းထဲရောက်တော့လည်း ထုံးစံမပျက် ကိုယ့်ဝါသနာပါရာ စာရေးခြင်းကိုပဲ လုပ်မိသည် ။

သူ့ ဝါသနာက စာရေးဆရာ ဖြစ်ချင်သည်...။

သူ့ရဲ့ ထိုဆန္ဒက ဘွားဘွားအတွက်တော့ အပြင်းအထန် ရှုံ့ချစရာ ပြစ်မှုကြီးတစ်ခုပင် ။ အရည်မရ အဖတ်မရ အလုပ်တွေ လုပ်နေတယ်လို့ပဲ ဘွားဘွားက မြင်နေ၏ ။

ဖေဖေနဲ့မေမေက သူ့ဝါသနာကို နားလည်လက်ခံပေး၍သာ တော်တော့သည် ။သူလည်း စာချည်းပဲ ရေးနေတာတော့ မဟုတ်ပါ ။ သူနဲ့ဗညား စပ်တူဖွင့်ထားတဲ့ mobile phone အရောင်းဆိုင်လေးကလည်း ထိုက်သင့်သလောက်တော့ ဝင်ငွေကောင်းပါသည် ။

သို့သော်ငြား ဘွားဘွားအမြင်မှာတော့ သေးနုပ်လှသည်ပဲပေါ့ ။ ဟိုးတစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ခဲ့တဲ့ တွင်းရိုးတွင်းစားနွယ်ဝင် ဒေါ်ခင်မမကြီး ရဲ့မြေး, ပါရဂူကြီး ဒေါက်တာဦးထင်ဇော် နဲ့ တက္ကသိုလ်ကထိက ဒေါ်နှင်းနုဝေ တို့ရဲ့ သားတစ်ယောက်အနေနဲ့ဆိုရင် ညံ့ဖျင်းလှသည်ဟု ဘွားဘွားက ရှုံ့ချသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now