Extra
56.4K 2.9K 553
Warning ⚠️: Mature Contents (18+)
>>>>>Unicode<<<<<
ငပလီ၏ ရေကြည်ကြည်တို့ကား ကောင်းကင်ပြာအောက်တွင် ငွေမှုန်ကျဲထားသကဲ့သို့ တလဲ့လဲ့နှင့်ရှိပါ၏။ နင်းလိုက်တိုင်း ငြိမ့်ငြိမ့်လေး အိဆင်းသွားသော ဖြူဖြူနုနုသဲတို့ကမူ ကတ္တီပါကော်ဇောခင်းထားသည့်နှယ်။ ခပ်ပြေပြေသွေးနေသော လေညှင်းတို့ကြောင့် ညနေခင်းသည် လန်းဆန်းအေးမြနေသည်။ ထို့အပြင် လတ်လတ်ဆတ်ဆတ် အုန်းစိမ်းရည်နုနုက သဘာဝကပေးသည့် ဇိမ်ခံစရာပစ္စည်းဥစ္စာတခု။
ရှိရှိသမျှ အပန်းဖြေထွက်လာသူတို့သည်ကား ရေစိမ်သူက စိမ်၊ စက်ဘီးစီးသူက စီး၊ လမ်းလျှောက်သူက လျှောက်၊ အေးအေးဆေးဆေးထိုင်နေသူက ထိုင်ဖြင့် စိတ်ကူးတည့်သလို အပန်းဖြေနေကြ၏။ သို့သော် မည်သူကမျှ သျှားအိမ်လောက် ဇိမ်ကျကျနှင့် အပန်းဖြေနိုင်လိမ့်မည် မထင်ပေ။
သျှားအိမ်ကား ထီးရိပ်အောက်ရှိ မျက်နှာသုတ်ပုဝါပေါ်တွင်မှောက်ကာ ချစ်သူက SPF ပါသော sun cream လိမ်းပေးနေသည်ကို ငြိမ်သက်စွာခံယူနေသည်။ ထိုယောက်ျားဆန်သော်လည်း နူးညံ့လှသည် လက်နှစ်ဘက်တို့က ကျောပေါ်တွင် ဟိုဒီပြေးနေသည်မှာ ဘာနှင့်မျှ မလဲနိုင်သော စည်းစိမ်တမျိုးဖြစ်သည်။
သျှန်နောင်မှာ စိတ်ပါလက်ပါပင် ဆေးလိမ်းပေးနေရင်း ချစ်ရသူ၏ ကျောပြင်ကျယ်ကျယ်ကို မြတ်နိုးစွာ ကြည့်နေမိသည်။ နေလောင်ထားသဖြင့် ညိုတိုတိုဖြစ်နေသော အသားအရေတို့က ချစ်သူအား ပို၍ ဆွဲဆောင်မှုရှိစေသလား မပြောတတ်။ သူ့လက်တို့မှာ ချစ်သူ၏ ကိုယ်ပေါ်မှ ရုတ်သိမ်း၍ မရ။ အမှန်ဆို ဆေးလိမ်းပြီးပြီမှာ ကြာနေပြီဖြစ်သည်။ သို့တိုင်အောင် ထပ်ကာထပ်ကာ လိမ်းပေးနေမိသည်။
"ငသျှားတို့များ သာယာပါ့ကွာ"
သူငယ်ချင်းဖြစ်သူ ကိုသိုက်၏ အသံကြား၍ မော့ကြည့်လိုက်တော့ ကျေးဇူးရှင်က ယုယ၏ လက်ကိုဆွဲကာ သူဘေးနားတွင် ရပ်နေသည်။
"ငသိုက် မင်းဟာသာမင်း ဟန်းနီးမွန်းစရာရှိတာ မွန်းစမ်းပါကွာ။ ဘယ်နှယ့် ငါ့လာပြီး ဂြိုလ်ကစ်ကစ်နေတာလဲ။"