အပိုင်း - ၁၃ (Zawgyi + Unicode)

20.9K 2.6K 184
                                    

#For Zawgyi

သူလည်း တစ်နေ့တစ်နေ့ အသာနှင့်မှ မတွေ့ရလျှင် ထိုတစ်နေ့တာက သူ့အဖို့ မပြည့်စုံသလို ဖြစ်လာရသည် ။ ဆေးခန်းပိတ်သည့် တနင်္ဂနွေနေ့မျိုးဆိုလျှင်လည်း မရှိ,ရှိတဲ့ အကြောင်းတစ်ခုခုရှာပြီး ရအောင်တွေ့သည် ။ အသာ့ရဲ့မျက်နှာအမူအရာကို နေ့စဉ်အကဲခတ်ရင်း ထိုကလေးလေးရင်ထဲက ခံစားချက်တွေကို ဖတ်မိနိုင်ဖို့ ကြိုးစားရသည်က သူ့အလုပ်တစ်ခုလို ဖြစ်လာ၏ ။ မြုံစိစိနဲ့ ထိုကလေးဟာ ဘယ်တော့များမှ သူ့ကို အလုံးစုံရင်ဖွင့်တိုင်ပင်တဲ့သူအဖြစ် သတ်မှတ်မှာလဲလေ ။

သူ့မှာ အသာ့အတွက် အချိန်ပေးရတာ မလောက်ရတဲ့အထဲ ခရီးထွက်ဖို့က အကြောင်းဖန်လာပြန်တော့ အသာ့ကို သူ့မျက်ကွယ်မှာ မထားခဲ့ရဖို့အရေး ခေါင်းစားရပြန်သည် ။

ဆေးခန်းမှာ လူနာရှင်းချိန် ဆေးပုလင်းတွေကို နေရာတကျ ပြန်စီနေသည့် အသာ့အား

" အသာ...ကိုယ် ခရီးတစ်ခုထွက်ရမယ် ၊ ရှမ်းပြည်ဘက်က တောင်ပေါ်ရွာတွေကို "

" ဟင် အကြာကြီးလား အကို "

ချက်ချင်း မျက်နှာလေးအိုကျသွားတဲ့ ကလေးငယ်ကို ကြည့်ရင်း သူ့မှာ သနားစိတ်နဲ့ အသည်းယားရပြန်သည် ။ ဒုက္ခပဲ.... ။ ခုရက်ပိုင်း သူ အသာ့အပေါ် ခဏခဏ အသည်းယားမိနေသည် ။ ချစ်စရာကောင်းတော့လည်း အသည်းယား ၊ သနားစရာကောင်းတော့လည်း အသည်းယားနှင့် ဟုတ်တော့ မဟုတ်သေးပါဘူး ။ သူ့မှာ အသည်းယားရောဂါများ စွဲကပ်လေသလား ။ ဆရာဝန်တန်မဲ့ ပေါက်ကရတွေ တွေးမိရကောင်းလားဆိုပြီး ကိုယ့်ဟာကိုယ် ယောင်ယမ်းပြုံးမိတော့ ကလေးငယ်က

" အကိုက ခရီးသွားရမှာကို ပျော်နေတာပေါ့နော် "

ဟောဗျာ....။ နည်းနည်းလေး ရယ်မိတာကို သူလေးက အသံတွေပါ တုန်လာအောင် ဝမ်းနည်းသွားတာတဲ့လား ။

" မပျော်ပါဘူး အသာရာ ၊ ခုက အပျော်ခရီးထွက်တာမှ မဟုတ်ဘဲ ၊ အလုပ်သဘောနဲ့ သွားရမှာလေ "

" ဘယ်သူတွေနဲ့ ဘာသွားလုပ်ကြမှာလဲ အကို "

" ကိုယ်တို့ဆေးလောက,က သူတွေ ဦးဆောင်ပြီးလုပ်နေတဲ့ ပရဟိတအဖွဲ့တစ်ခုရှိတယ် ၊ ကိုယ်က အချိန်သိပ်မပေးနိုင်လို့ အမြဲတမ်းအဖွဲ့ဝင်အနေနဲ့ ဝင်ထားတာမျိုး မဟုတ်ပေမယ့် သူတို့နဲ့ ခင်နေတော့ တစ်ခါတစ်လေမှာ သူတို့ အလုပ်တွေထဲ ဝင်ကူညီပေးဖြစ်တယ် ၊ ကိုယ်ကလည်း အားတဲ့အခါ သူတို့ကလည်း လူအင်အားလိုတဲ့ အခါမျိုးတွေမှာပေါ့ ၊ အဲ့ဒါ အခုလည်း သူတို့ တောင်ပေါ်ဒေသဘက်က ရွာတွေကို ကျန်းမာရေးဗဟုသုတပညာပေးတွေ လုပ်ဖို့ သွားကြမှာ ၊ လိုအပ်ရင် ဆေးကုပေးကြမယ် ၊ ဟောပြောပွဲလေးတွေ လုပ်ကြမယ် ၊ အဝတ်အစား, ဆေး, ကျောင်းသုံးပစ္စည်းကိရိယာတွေ နိုင်သလောက် လှူဒါန်းကြမယ် ၊ အဲ့လိုတွေပေါ့ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now