အပိုင်း - ၁၅ (Zawgyi + Unicode)

21.1K 2.5K 125
                                    

#For Zawgyi

ရေခပ်ကာ တိုက်လိုက်ပြီးတော့မှ အသာလည်း တည်ငြိမ်ခြေရသွားသည် ။ ခေါင်းကို အနည်းငယ် ငုံ့ရင်း မျက်လွှာချထားတဲ့ အသာ့ မျက်တောင်ဖျားတွေပေါ်က ကျန်ရှိနေဆဲ မျက်ရည်စတွေကို ကြည့်ရင်းမှ သူပါ ရေဆာသလိုလို ဖြစ်လာသည် ။

ဘေးမှာပင် ချထားမိတဲ့ ရေသန့်ဘူးထဲမှ ရေကို ခွက်ထဲတောင် ထည့်မသောက်နိုင်ဘဲ ဘူးလိုက်မော့ချမိတာဟာ သူလည်း စိတ်အပူလွန်ပြီး မောသွားလို့ နေမှာပါ ။

" အသာ...အိပ်မက်ဆိုး မက်တာလား ၊ ဟုတ်လား "

ကလေးငယ်က ပြန်မဖြေဘဲ စောင်အနားစကို ခပ်တင်းတင်းဆုပ်ကာ ခေါင်းငုံ့လျက်သား ငြိမ်နေ၏ ။

" Sorry ! ကိုယ်က စပ်စုသလို ဖြစ်သွားတယ် ၊ အသာ မပြောချင် မပြောနဲ့နော် "

ထိုသို့ သူပြောမိတော့ အသာက သူ့အား မဝံ့မရဲ မော့ကြည့်လာရင်း

" အိပ်မက်ထဲမှာလေ...အိပ်မက်ထဲမှာ.......... "

နှုတ်ခမ်းလေးကိုက်ကာ ဝမ်းနည်းဟန်နှင့် ဆက်ပြောဖို့ အားယူနေပုံလေးက သူ့ရင်ကိုပါ တလှိုက်လှိုက် ပူလောင်လာစေသည် ။

" ဘွားဘွားရော ဖေဖေ မေမေ နဲ့ မမရောက လှေကြီးတစ်စင်းပေါ်မှာရောက်နေကြပြီး တစ်နေရာရာကို အပြီးသွားကြတော့မယ်လို့ ကျွန်တော့်စိတ်က အလိုလိုသိနေတာ ၊ သူတို့ကို ကျွန်တော်က ကမ်းပေါ်က ငေးကြည့်နေရတယ် ၊ အဲ့ဒီအချိန် အကို...အကိုက ကျွန်တော့်ဘေးမှာ အတူတူရပ်နေခဲ့တယ် ၊ နောက်တော့ လှေကြီးက တစ်ဖြည်းဖြည်း ထွက်သွားရော ၊ အဲ့တော့ကျမှ ထွက်သွားတဲ့လှေကြီးပေါ်မှာ အကို့ကို လှမ်းတွေ့လိုက်ရတာ ၊ ကျွန်တော်ဘေးကိုလည်း ကြည့်လိုက်ရော အကိုက မရှိတော့ဘူး ၊ လှေပေါ်မှာ တကယ်ကြီး ပါသွားပြီ ၊ ကျွန်တော်က.... ကျွန်တော်က တစ်ယောက်တည်း ကျန်ခဲ့တာ "

ပြောရင်းပြောရင်းနဲ့ ကလေးငယ်ဟာ အသံတွေပါ တုန်လာပြန်ရင်း သူ့ဟာသူ ထပ်ငိုမိမှာစိုးလို့ ထင်သည် ။ ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ် ခေါင်းကို မှောက်ချလိုက်လေ၏ ။

ဒီလောက်ပဲ ဝမ်းနည်းနေရသလား ကလေးငယ်ရယ် ။

သူ မှောက်နေတဲ့ ခေါင်းလေးကို ဆွဲမော့ယူတော့ မျက်ရည်လူးနေတဲ့ မျက်နှာနီနီလေးက သူ့လက်ထဲမှာ အလိုက်သင့်လေး ပါလာ၏ ။ ဒီမျက်ရည်....ဒီကလေးရဲ့ မျက်ရည်တွေဟာ သူ့ရင်ကို အလွန်အမင်း ယူကြုံးမရ ဖြစ်စေသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now