အပိုင်း - ၁၈ (Zawgyi + Unicode)

20.4K 2.5K 454
                                    

#For Zawgyi

ဒီမနက် သူတို့တည်းခိုတဲ့ ရွာအနီးက တစ်ခြားသော ပတ်ဝန်းကျင် ရွာတွေဆီကို ဆေးကုဖို့ အဖွဲ့လိုက်ကြီး ထွက်ခဲ့ကြသည် ။

အသာကတော့ မနေ့ညနေ ပြဿနာဖြစ်ပြီးချိန်ကတည်းက သူ့နားမှ မခွာဘဲ တစ်ချိန်လုံး တကပ်ကပ်လုပ်နေ၏ ။ တစ်ညလုံးလည်း သူ့ရင်ခွင်ထဲက မထွက်ဘဲ မိုးလင်းတဲ့အထိ တိုးဝှေ့အိပ်နေသည်မှာ ကြောင်ပေါက်လေး တစ်ကောင်လိုပင် ။ သူစိတ်ဆိုးတာကို တအားကြောက်တတ်မှန်း သိလိုက်ရသည်မို့ သူ့ဘက်က ထိုကလေးအပေါ် ပို၍ဂရုစိုက်ပေးရတော့မည် ။

" အလုပ်တွေပြီးလို့ ညနေကျရင် မနေ့က ပြောထားတဲ့အတိုင်း စမ်းချောင်းမှာ ရေသွားချိုးကြမယ်နော် အသာ ၊ ကိုယ် သေချာပေါက် လိုက်ပို့ပေးမှာ ဟုတ်ပြီလား "

ပြုံး၍ခေါင်းငြိမ့်ပြပုံလေးကို ကြည့်ပြီး ဘာလို့မှန်းမသိ ထိုကလေးအား ဆွဲယူမွှေ့ယမ်းပစ်ချင်စိတ်တွေ ပေါ်လာရသည် ။  နဂို တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့ သူစိတ်တွေဟာ အသာနှင့် ပတ်သက်ရင် လှုပ်လှုပ်ခတ်ခတ် ဖြစ်ရလွန်းသည် ။

ဘာလို့ ဒီလောက်ထိ မတည်မငြိမ်ဖြစ်ဖြစ်နေမိမှန်း သူ့ကိုယ်သူလည်း စဉ်းစားမရ ။

" ဟဲ့ ဆက်စေ "

" အာ လန့်လိုက်တာ မေမွန်ရာ ၊ နင်ကလည်း ဖြည်းဖြည်းခေါ်ပါဟ "

" မဖြည်းနိုင်ဘူး ၊ နင် မနေ့က ငါတို့ကလေးကို ဆူတယ်ဆို "

" ဘယ်က နင်တို့ ကလေးတုန်း "

" အသာလေးကို ပြောတာဟဲ့ "

အံမယ်ဗျာ... ဖြစ်မှဖြစ်ရလေ ။ သူတို့ကလေးပဲ ဖြစ်ရသေး ။

သူ့မှာ ဘာပြန်ပြောရမှန်းမသိသေးခင် ဘေးက ဟေမာကပါဝင်၍

" ငါတို့မရှိတာနဲ့ နင်က ကလေးကို အနိုင်ကျင့်တာလား "

" ဟောဗျာ...ဘယ်မှာ အနိုင်ကျင့်လို့လဲဟ "

" ငါတို့ သတင်းအတိအကျ ပြန်ကြားထားပြီးပြီဟဲ့ ၊ နင် ဘာမှ မုန်လာဥလုပ်မနေနဲ့ ၊ နင် ကလေးကို ဆူလိုက်လို့ ကလေးခမျာမှာ ထမင်းတောင် မစားနိုင်ရှာဘူးတဲ့ "

" စမ်းချောင်းသွားပြီး ရေချိုးတဲ့ကိစ္စဟာ အဲ့လောက်ဆူစရာ လိုလို့လားဟဲ့ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now