မုတ်ဆိတ်နီကြီး (အပိုင်း - ၃)

207 35 4
                                    






“…အကိုကြီးပြောတာအားလုံးမှန်ပါတယ်.. ကျွန်တော့်ကိုသူရွေးခဲ့တာဆိုတာ အမှန်ပါပဲ.. အကို့နှမကို မိန်းကလေးမို့ လျှော့တွက်လို့ မရဘူးဗျ… မကြာခင်မှာ အရေးတော်ပုံ စတော့မယ်ဆိုတာ.. သူသိနှင့်နေပြီးသားလေ…”

သူတို့နောက်ကြောင်းတွေကို အခုမှ စဆွေးနွေးနေတဲ့ မုတ်ဆိတ်နီကြီးရဲ့ ရည်ရွယ်ချက်ကို သူ့မျက်လုံးထဲမှာ အဖြေရှာဖို့ကြိုးစားရင်း လီဆင်းက ရယ်ကာမောကာပြောတယ်။ အရေးတော်ပုံဆိုတဲ့ စကားလဲကြားရော ၊ မုတ်ဆိတ်နီကြီးရဲ့ မျက်လုံးတွေ တဖျတ်ဖျတ် အသက်ဝင် လာကြတော့တယ်။

“…အရေးတော်ပုံ..ဟုတ်လားကွ…”

“…ဟုတ်ပဗျား……”

မိန်းကလေးပေမဲ့ ဖာသိဖာသာအိုးတိုးအတမနေဘဲ စစ်မက်အရေး နိုင်ငံရေးကို တီးမိခေါက်မိ ရှိပါကလားဆိုပြီး လေးစားတဲ့အရိပ်အယောင် တွေဟာ မုတ်ဆိတ်နီကြီး ချန်မိန်းကလေးကို ဖျတ်ကနဲလှမ်းကြည့်လိုက်တဲ့ အကြည့်တွေထဲမှာ ထင်ဟပ်လို့လာတယ်။

“…မင်းတို့..ဘယ်ကများလာကြသတုံး…”

“….နေပြည်တော်ကပါ…”

မုတ်ဆိတ်နီကို စူးစူးစိုက်စိုက်ကြည့်ရင်း လီဆင်းကခပ်အေးအေးပဲပြန်ဖြေတယ် ။

“…မင်းတို့ဆီမှာ..အရက်ကလေးများ မပါဘူးလားကွာ….”

“…မပါဘူးဗျ…ဒါပေသိ.. ဟိုနားမှာတော့ အရက်ဆိုင်တွေ့ခဲ့တယ်….”

မုတ်ဆိတ်နီကြီး ဘာမပြောညာမပြော ထထွက်သွားတော့ ချန်မိန်းကလေးက လီဆင်းကို စိုးရိမ်ဟန်နဲ့ဆိုတယ် ။

“…မောင်ရယ်…ဘာလို့များ ကျွန်မတို့ အကြောင်းတွေကို.. အခုမှတွေ့တဲ့သူစိမ်းကို ဖွင့်ပြောပြလိုက်ရတာလဲ…”

“…စိတ်မပူပါနဲ့ကွာ…သူလို တောသားလူကြမ်းဟာ.. နန်းတော်ထဲက မှူးမတ်တွေထက်တောင်ဖြောင့်မတ်သစ္စာ ရှိသေးတယ်.. သူ့ကိုမြင်ကတည်းက ယုံကြည်စိတ်ချရတဲ့သူဆိုတာ ငါရိပ်မိပါတယ်…..”

“…ဒါပေမဲ့..ရှင့်လူကြီးက ကြမ်းကလဲကြမ်း.. ရိုင်းလဲရိုင်းပြလှတယ်..မောင်ရဲ့… သိုးသားကို ခုတ်ထစ်နေလိုက်တာများ ကြောက်စရာပဲရှင်… စားကြွင်းစားကျန်တွေကိုလဲ.. မပြောမဆိုနဲ့ သူ့မြည်းစားခွက်ထဲ သွန်ထည့်ပစ်သေးတယ်.. တကယ်ဆို ကိုယ့်ကိုခေါ်ဖိတ် ကျွေးမွေးတဲ့သူကို.. အရင်ဆုံးတော့ မေးစမ်းသင့်တာပေါ့… တကတည်း.. သူ့လက်သူ့ခြေချည်းပဲ…”

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now