Part 9 (Unicode)

18.2K 2.3K 86
                                    

အောက်တိုဘာလ ၃၁ ရက်နေ့

၂၀၁၇ ခုနှစ်

ပုံပေမြို့ဟောင်း

အီတလီနိုင်ငံ

ပုံပေမြို့ဟောင်းကြီး၏ မြို့နံရံအုတ်တံတိုင်းကြီးသည် ထွန်းလင်းလာသော နေရောင်အောက်တွင် ခံ့ညားထည်ဝါနေသည်။ ကောင်းကင်ပြင်သည် တိမ်မျှင် တိမ်စိုင်များ ကင်းရှင်းကာ ပြာလွင်နေသည်။ မာကို ဦးဆောင်သော ခရီးသွားများသည် မြို့တံတိုင်းဘေးမှ လမ်းအတိုင်း လျှောက်လာနေကြသည်။ ဧည့်သည်အုပ်စုထဲမှ ကလေးငယ်တစ်ဦးဖြစ်သော ဖေဒေရိကိုလေးသည် မာကို၏ ဘောင်းဘီစကို ဆွဲရင်း ခပ်တိုးတိုးမေးသည်။

"မီးတောင်ပေါက်တော့ ကြောက်စရာကြီးလားဟင် ဦးလေး။"

"ဒီအပင်ကြီးကိုတွေ့လား။"

လမ်းဘေးတစ်ဖက်တစ်ချက်တွင် စီတန်းပေါက်ရောက်နေသော ထင်းရှူးပင်များကို မာကို လက်ညှိုးညွှန်ပြလိုက်သည်။ ပင်လယ်ကမ်းရိုးတန်းတွင် ပေါက်ရောက်လေ့ရှိသော ထင်းရှူးပင်သည် အခြားတောင်ပေါ်ဒေသများမှ ထင်းရှူးပင်များနှင့် ကွာခြားသည်။ ခရစ္စမတ်ပို့စကတ်များတွင်ပါသလို တြိဂံပုံမဟုတ်။ သစ်ကိုင်း သစ်ရွက်များ အောက်ခြေထိ မရှိ။ လုံးပတ်ကြီးကာ ပင်စည်လုံးချောပြီး မြင့်မားလှသည်။ ထိပ်ဆုံးနားရောက်မှ ဖြာထွက်သွားသလို သစ်ကိုင်းသစ်ရွက်များနှင့်ဖြစ်သည်။

ကလေးငယ်က ခေါင်းညိတ်ဖြေသည်တွင် မာကို စကားဆက်သည်။

"မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ ဒီထင်းရှူးပင်ကြီးလိုမျိုး မီးခိုးတိုင်ကြီးနဲ့ မီးခိုးတိမ်တွေကို ဟိုးအဝေးကြီးကနေတောင် တွေ့ရတယ်ဆိုပြီး မှတ်တမ်းတင် စာရေးထားကြတယ်။ နောက်ပြီး အဲ့ဒီ့မီးခိုးတိုင်ကြီးကလည်း ချက်ချင်း အောက်ပြန်ကျတာမဟုတ်ဘူး။ လေထဲမှာ ရပ်နေသလို အကြာကြီးမြင့်တက် မြင့်တက်ပြီးမှ ယိမ်းယိုင်ပြီး ဖြာကျတာ။ ဒီလိုမျိုး အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့တာ။"

ကလေးငယ်မှာ ကြောက်ရွံ့သလို ပခုံးကြုံ့သွားသည်။

"ဒီမီးတောင်ကြီးကြောင့်ပေါ့နော် ဦးလေး။"

ထာ၀ရ ပုံပေWhere stories live. Discover now