Part 10 (Unicode)

18.7K 2.4K 126
                                    

အေဒီ ၇၈ ခုနှစ်
ပုံပေမြို့
ရောမအင်ပါယာ

နေ့လယ်ခင်းနေရောင်သည် အမိုးဖွင့်ပြဇာတ်ရုံကြီး၏ တစ်ဖက်ခြမ်းလှေကားများပေါ် ဖြာကျနေသည်။ အခြားအခြမ်းမှာတော့ ပြဇာတ်ရုံကြီး၏ နံရံရိပ်များကြောင့် နေရောင်မရှိ။

ပြဇာတ်ရုံကြီး ဘေးတွင်တော့ ပုံပေမြို့၏ နာမည်အကြီးဆုံးသော ဂလေဒီယေတာကျောင်းနှင့် လေ့ကျင့်ရေးကွင်းကြီးရှိသည်။ ညနေခင်းအချိန်ဖြစ်သောကြောင့် လူငယ်တစ်ချို့သည် ကွင်းပတ်လည်မှ လှေကားထစ် နေရာများတွင် ထိုင်ကာ တိုက်ခိုက်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးနေကြသည်။ အခြားလူငယ်များမှာမူ ပြဇာတ်ရုံကြီးဘေးမှ လေ့ကျင့်ရေးကွင်းတွင် ကိုယ်တိုင်သွားရောက် လေ့ကျင့်နေကြသည်။

ပြဇာတ်ရုံကြီးနှင့် လေ့ကျင့်ရေးကွင်းကို သွားရောက်ကြည့်ရှုချင်သည်ဟု တောင်းဆိုလာသည့် အားရီးယူးစ်ကြောင့် လုလိယက်စ်နှင့် အားရီးယူးစ်သည် ယခုနေရာသို့ ရောက်နေကြခြင်းဖြစ်သည်။ ပြဇာတ်ရုံကြီး၏ ဝင်ပေါက်ကျယ်ကြီးမှတစ်ဆင့် လှေကားထစ်များအတိုင်း သူတို့ဝင်လာခဲ့ကြသည်။ ထို့နောက် လေ့ကျင့်နေသော တိုက်ခိုက်ရေးသမားများနှင့် အနီးဆုံးနေရာဖြစ်သည့် ရှေ့ဆုံးတန်းမှ အနိမ့်ဆုံးနေရာများထိရောက်အောင် ပြန်ဆင်းလာခဲ့ကြသည်။

"အရှင်လုလိယက်စ်.. ကြွပါ.. ကြွပါ"

ဂလေဒီယေတာများ လေ့ကျင့်ရေးဆောင်၏ ပိုင်ရှင်ဖြစ်သူ အသက်ခပ်ကြီးကြီး အဘွားအိုမှာ ဝမ်းသာအားရ ကြိုဆိုကာ နေရာပေးသည်။ သူမလည်ပင်းမှ အဖိုးတန် ရွှေဆွဲကြိုးကြီးမှာ ကိုင်းနေသော ခါးကို မမတ်နိုင်အောင် ကူညီပေးနေသလား အမှတ်မှားရသည်။ အဘွားအို ခပ်ယိုင်ယိုင် လမ်းလျှောက်လိုက်တိုင်း ယိမ်းထိုးနေသည်။ သိပ်မကြာလိုက်။ ကျွန်အမျိုးသမီးငယ်တစ်ယောက်သည် စပျစ်ရည်ကရားနှင့် ငွေဖလားခွက်များ တင်ထားသော လင်ဗန်းကို ယူလာပြီး အနီးရှိစားပွဲဝိုင်းငယ်ပေါ် ရိုကျိုးစွာ ချပေးသည်။ အဘိုးအို အဲလ်ဇီယိုနှင့် ဖဲလ်လစ်မှာတော့ လုလိယက်စ်၏ နောက်နားတွင် ခပ်ခွာခွာ ရပ်နေကြသည်။

ထာ၀ရ ပုံပေWhere stories live. Discover now