Chapter 290

1.5K 165 2
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

စာစဉ် ( ၂၃ )

Chapter-13

လျှိုချင်ဖန်က ဒေါသထွက်ခြင်း မရှိပေ။ သူက
ဤငယ်ရွယ်သော သံတမန်လေးကို အလွန်ထူးခြားသော အမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။

လျှိုချင်ဖန်က အချိန်အတော်ကြာအောင် တုံ့ပြန်စကားမပြောသည်ကို မြင်သော် သံတမန်က အလိုအလျောက်ပင် တိတ်တဆိတ် မကျေမနပ် ဖြစ်သွားခဲ့၏။

သံတမန်က နောက်သို့လှည့်ကြည့်ပြီး လျှိုချင်ဖန်၏ အမူအရာကိုမြင်သော် ကူရာကယ်ရာမဲ့စွာဖြင့် အံ့အားသင့်သွားခဲ့သည်။ သူကပဟေဠိဖြစ်နေသည့် ပုံစံဖြင့် ပြောဆိုလိုက်၏။ “ဘာလို့လဲ… ကျုပ်ပြောတာ မှားလို့လား… ဒီစိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် ကောင်လေးက တစ်ခုခုများ ထူးခြားနေလို့လား…..”

“ဟားဟား… တစ်ကယ်တော့ မထူးခြားပါဘူး… အခုစောစောလေးတင် သူကအောင်ပွဲရသွားပြီး တိုက်ပွဲအတွင်းမှာ နားလည်သဘောပေါက်မှု အချို့ကို ရရှိခဲ့တဲ့အတွက် သူက အဆင့်ချိုးဖျက် တက်ရောက်ဖို့ အခွင့်အရေးကို အသုံးချလိုက်တာပဲ… ဒါကြောင့်ပဲ သူ့ကိုဝန်းရံကြည့်ရှုနေကြတဲ့ လူတွေအများကြီး ရှိနေကြတာပါ…..” လျှိုချင်ဖန်က အပြုံးတစ်ခုဖြင့် ရှင်းပြခဲ့သည်။

ထိုစကားကိုကြားသော် သံတမန်က အထင်သေးသည့်အကြည့်တစ်ခု ပေါ်ပေါက်လာခဲ့၏။ “ကျုပ်ကြည့်တာ မမှားဘူးဆိုရင်တော့ အဲဒီကောင်လေးက ပထမနေရာကို ရရှိသွားခဲ့တာပဲ မဟုတ်လား…..”

သူကထိုသို့ပြောနေစဉ်အတွင်း သူ၏ခေါင်းကို ခါယမ်း၍ သနားနေသည့်လေသံမျိုးဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့ရဲ့ ငြိမ်သက်တိမ်တိုက်အဖွဲ့က အချိန်တွေကြာလာတာနဲ့အမျှ ဆုတ်ယုတ်ကျဆင်းလာခဲ့ပြီပဲ… အဆင့်(6) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် ကောင်လေးက အဖွဲ့မဟာယှဉ်ပြိုင်ပွဲကြီးမှာ တကယ်ပဲ ပထမနေရာကို ရရှိသွားခဲ့တယ်ပေါ့… ဘယ်လိုဟာသမျိုးလဲ…..”

မူလက ရှောင်ကျင့်မှာ ဘေးမှနေ၍ စိတ်ရှည်စွာ ရပ်နေခဲ့၏။ ထိုစကားများကို ကြားလိုက်သောအချိန်တွင် သူက ရှေ့သို့ချက်ချင်း တက်လာရန် ပြင်ဆင်လိုက်သော်လည်း လျှိုချင်ဖန်က ရှေ့သို့ထွက်မလာအောင် ဆွဲထားခဲ့ပေသည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now