အပိုင်း ၃

29.8K 2.7K 156
                                    

ကုန်ဆုံးတော့မည့် မိုးလရာသီ၏ နောက်ဆုံးလက်ကျန် မိုးစက်မိုးပေါက်လေးများသည် ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းနေကြသည်။ ညိုမှောင်နေသောကောင်းကင်ယံသည် ညနေစောင်းကို ပိုမိုစောစီးစွာ လာရောက်လှည့်ပါဟု လက်ကမ်းခေါ်နေသလားထင်မှတ်မှားရသည်။

သရက်ရွက်စိမ်းများပေါ်မှ မိုးပေါက်ငယ်များသည် လှေကားထစ် တစ်ထစ်ချင်းစီကို ဝမ်းသာအားရခုန်ဆင်းနေသော ကလေးသူငယ်များလို သစ်ရွက်တစ်ရွက်မှသည် အခြားတစ်ရွက်ထံသို့၊ သစ်ကိုင်းတစ်ခုမှသည် အခြားသစ်ကိုင်းတစ်ခုထံသို့ အဆင့်ဆင့် ဆင်းသက်လာနေကြသည်။

မိုးမရွာမီက သရက်ပင်အောက်ချထားခဲ့သော ပလတ်စတစ်ထိုင်ခုံအစိမ်းရောင်လေးသည်လည်း ဘေးပတ်ချာလည်တွင် တပေါက်ပေါက်ကျဆင်းနေသော မိုးပေါက်များကြားတွင် ရွှေမှုန်ကြဲသော ရိုက်ကွင်းကြားမှ သရုပ်ဆောင်တစ်ယောက်လို ဟန်ပိုနေသည်။ ၄င်း၏ခြေရင်းတွင် ဖြစ်ထွန်းနေသော ရွှံ့အိုင်ငယ်များကမူ တေးသံသာကို ဖန်တီးပေးသော ဂီတရှင်များဟု ဖွဲ့ဆိုရမည်ထင်သည်။ အိုင်ငယ်များထဲသို့ အနိမ့်အမြင့်မညီသော မိုးပေါက်ကျသံများသည် မိုးသံနှင့်လေသံများကြားမှ နှစ်သိမ့်ငြိမ့်ညောင်းဖွယ် စည်းချက်မှန်စွာ ထွက်ပေါ်နေကြသည်။

"ဒီအတိုင်းဆိုရင်တော့ ဒီမိုးက တိတ်မယ့်ပုံ မရှိဘူးနဲ့တူတယ်။"

မိခင်ဖြစ်သူ၏ မှတ်ချက်ကို ရှိုင်းထွဋ် ကြားလိုက်ရသည်။ လှမ်းမြင်နေရသော မိုးစက်များထံမှ အကြည့်လွှဲ၍မရသေး။ လှေကားထစ်တွင်ထိုင်သည်မို့ ခြေထောက်ကိုလာစင်နေသော မိုးဖွဲစများကို နှစ်သက်စွာ ခံယူနေမိသည်။

"မိုး" ကို သူ အရမ်းမြတ်နိုးသည်။

ငယ်စဉ်ကတည်းက မိုးရွာပြီဆိုလျှင် သူ ပျော်ရသည်။ မိုးရေကို ရွှဲနစ်နေအောင် ချိုးချင်သောကြောင့် မိုးသည်းသည်းရွာပါစေဟု ဆုတောင်းရသည်မှာလည်းအမော။ သူတို့မိသားစုအားလုံး ဒီမြို့သစ်မှ အိမ်ငယ်လေးသို့ ပြောင်းရွှေ့လာရကတည်းက ရှိုင်းထွဋ်အတွက် လောကကြီးသည် ပျော်စရာအတိ ဖြစ်ခဲ့သည်။

ဆူးWhere stories live. Discover now