အပိုင်း ၉

17.9K 2K 56
                                    

စာသင်ခန်းထဲတွင် စာမေးပွဲ အခန်းစောင့်ဆရာ၏ ခြေသံကို တရှပ်ရှပ်ကြားနေရသည်။ ခြေညှပ်ဖိနပ်ပါးနှင့် ကြမ်းပြင်ပွတ်တိုက်သံသည် ကျောက်သင်ပုန်းထက်မှ နာရီစက်သံနှင့်အပြိုင် ပုံမှန်ထွက်ပေါ်နေသည်။

တခြားဘာသံမှမရှိ။

တိတ်ဆိတ်မှုက အံ့သြဖွယ်ကောင်းလွန်းအောင် ကျောင်းခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ စာရွက်လှန်သံတစ်ခုသည်ပင် ငြိမ်သက်နေသော စာမေးပွဲခန်းထဲတွင် ကျယ်လောင်နေသည်။ ပြုတ်ကျသွားသော ဘောပင်တစ်ချောင်း၏ ကြမ်းပြင်နှင့်ထိတွေ့သံသည်လည်း မခံရပ်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်စေသည်။ မေးခွန်းစာရွက်များပေါ် ခေါင်းမှောက်ကျမတတ် စာမေးပွဲဖြေဆိုနေကြသော ကျောင်းသူကျောင်းသားများ၏ လက်ဖျားများသည် အေးစက်နေပေမယ့် ခေါင်းများက ပူလောင်နေကြသည်။

ရှိုင်းထွဋ် တိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။ စာမေးပွဲချိန်ပြည့်ဖို့ နာရီဝက်သာ လိုတော့သည်။ သူ ဖြေဆိုရန် တစ်ပုဒ်ကျန်သေးသည်။ မိနစ်နှစ်ဆယ်ဖယ်လျှင် စာပြန်စစ်ရန် ဆယ်မိနစ်သာ ကျန်တော့မည်။ ကိစ္စမရှိ။ အပုဒ်စေ့ဖြေနိုင်တာပဲ တော်လှပြီဖြစ်သည်။

မျက်စောင်းထိုးတစ်နေရာမှာ ရှိနေသော ဒီမိုးယံရှိရာသို့ သူ့အကြည့်က အလိုအလျှောက်ရောက်ရှိသွားသည်။ ဒီမိုးယံ စာငုံ့ရေးနေသည်မှာ စာရွက်ပင် ပေါက်ထွက်လောက်သည်။ ဆံပင်ဘုတ်သိုက်က စားပွဲနှင့် တစ်သားတည်းဖြစ်တော့မည်။ ဒီကောင်ဖြေနိုင်မယ့်ပုံပဲ ဟု တွေးမိတော့ ဝမ်းမသာဘဲ မနေနိုင်။

နောက်တစ်ကြိမ် စာမျက်နှာပေါ် ခေါင်းငုံ့ချိန် သတိထားပြီး အာရုံစိုက်ရသည်။ သူက စာရပေမယ့် အမှားပါသွားတတ်သည်။ ပြန်စစ်ရန် အချိန်သိပ်မရသည်မို့ အမှားမပါအောင် ပို အာရုံစူးစိုက်ဖြစ်သည်။ အားလုံးဖြေပြီးတော့ ထင်သည့်အတိုင်း စာမေးပွဲပြီးရန် ဆယ်မိနစ်သာလိုတော့သည်။ ခုံနံပါတ်တွေ ပြန်စစ်ကြ ဟူသည့် ဆရာ့အသံသြသြကို ကြားလိုက်ရသည်။

ခေါင်းလောင်းထိုးသံနှင့်အတူ အဖြေစာရွက်လာသိမ်းသော ဆရာမကို စာရွက်အပ်ရင်း တစ်ကိုယ်လုံးပေါ့ပါးသွားသည်။

ဆူးWhere stories live. Discover now