I Can Hear Your Voice-36(Z,U)

7.5K 1K 23
                                    

(Zawgyi)

ခြေလှမ်းတွေမခိုင်ချင်တော့ပါ....။စိတ်ကို
မထိန်းထားနိုင်ခဲ့လျှင် ထိုနေရာမှာတင်
လဲကျသွားနိုင်သည်ကိုသိသည်။ထို့ကြောင့် တုန်တုန်ယင်ယင်နှင့် ဝိုင့်ကိုမမြင်နိုင်မည့်နေရာအထိ ခြေလှမ်းတွေကို ဖြည်းညင်းစွာ တုန်ရီစွာ နောက်ပြန်လျှောက်နေခဲ့မိသည်။

ချလွင်....

ဟင်...

ခြေထောက်နှင့်ဘာကိုတိုက်မိလိုက်သလဲမသိ။တစ်ခုခုနှင့် တိုက်မိလိုက်ကာ ဝိုင်မြေပြင်ပေါ်လဲကျသွားခဲ့သည်။
အရေးရယ်အကြောင်းရယ်ဆို တုန်ယင်နေသည့်စိတ်ကို တကယ်စိတ်ပျက်မိသည်။
စိုးရိမ်တကြီးအရှေ့ကိုကြည့်မိလိုက်တော့
မြေတွေတူးဆွနေရာမှ ဝိုင့်ဆီသို့လှမ်းကြည့်လာသည့် ပုံရိပ်ကိုတွေ့လိုက်ရသည်။ဝိုင့်နေရာက မှောင်နေသည့်အတွက်ကြောင့် ဝိုင်မှန်းသဲသဲကွဲကွဲသိလိုက်မှာမဟုတ်ပေမယ့် ဝိုင်ဒီမှာရှိနေသည်
ကိုတော့ သိသွားတာ သေချာလေပြီ..။အနှီလူကြီးက
လုပ်လတ်စ အလုပ်ကို ရပ်ပစ်လိုက်တာ
တွေ့လိုက်ရသည်။ဝိုင်လည်း ဘာမှစဉ်းစားမနေတော့ပဲ နေရာမှထပြေးလိုက်တော့သည်။အနောက်ကနေ ပေါက်ပြားကို ပစ်ချလိုက်သံကြားလိုက်ရပြီး ဝိုင့်နောက်သို့အူယားဖားယားပြေးလိုက်သံကိုလည်း ထိတ်လန့်စွာ ကြားလိုက်ရသည်။အနောက်ကိုလုံးဝလှည့်မကြည့်ပဲပြေးနိုင်သလောက်အမြန်ပြေးနေခဲ့မိသည်။

" ဦး...ဦးလေး....မြန်မြန်...မြန်မြန်လေး
မောင်းပေးပါ..."

ကားတံခါးကိုအမြန်ဆွဲဖွင့်ကာ တက္ကစီ
ဦးလေးကြီးကိုပြောလိုက်သည်။ဦးလေး
ကြီးကလည်း ဝိုင့်ကိုမေးခွန်းတွေမေးမနေပဲ
မြန်မြန်ဆန်ဆန်မောင်းပေးလေသည်။
လက်နှစ်ဖက်ကိုအချင်းချင်းယှက်ထားကာ
ဘာမှမတွေးပဲမျက်လုံးမှိတ်ပြီးထိုင်နေမိသည်။ကားနားလေးထိလိုက်လာခဲ့သလား..???ဝိုင့်ကိုမြင်ခဲ့သလား??
အနောက်ကိုနည်းနည်းလေးမှလှည့်မကြည့်ခဲ့..။မျက်လုံးတွေကိုသာတင်းကျပ်စွာမှိတ်ထားခဲ့မိသည်။
ဝိုင် ဘာမှမမြင်ခဲ့ဘူး....
ဘာဆိုဘာမှမမြင်ခဲ့ဘူး....

တိုက်ခန်းကိုရောက်သည်အထိ စိတ်တွေ
မတည်ငြိမ်ခဲ့ပါ...။တံခါးသော့ကိုအမြန်
ဖွင့်ကာ လော့ချထားလိုက်သည်။နောက်မီးဖိုခန်းထဲဝင်ပြီး ရေသောက်ရန်ပြင်လိုက်သည်။ဖန်ခွက်ကိုကိုင်လိုက်စဉ်မှာပင် လက်တွေတုန်ယင်နေသည့်အတွက်ကြောင့် ခွက်ကလက်ထဲမမြဲပဲမြေပေါ်သို့ကျကာ ကွဲလေတော့သည်။

I Can Hear Your Voice (Completed)Where stories live. Discover now