Part 14 (Unicode)

17.1K 2.4K 242
                                    

မိုးမလင်းသေးပါ။ အိမ်ရှေ့နှင့် ဧည့်ခန်းဆောင်တွင် ထွန်းထားသော မီးတိုင်များကြောင့် လင်းထင်းနေခြင်းဖြစ်သည်။ အိမ်ကြီးတစ်အိမ်လုံး သွားလာလှုပ်ရှားသူများ၊ အထုပ်အပိုးသယ်သူများ၊ ကူညီပေးနေသူကျွန်များနှင့် လှုပ်ရှားဆူညံနေကြသည်။ မီးရောင်အောက်မှာ ဖြတ်သွားဖြတ်လာ အရိပ်များသည် အိမ်နံရံများမှ ဆေးရေးပန်းချီများထက်တွင် ပေါ်လိုက်၊ ပျောက်လိုက်နှင့် အရိပ်ထင်နေသည်။

မြင်းလှည်းနှစ်စီးကို အိမ်ကြီးရှေ့တွင် ရပ်တန့်ထားသည်။ အသင့်စောင့်ဆိုင်းနေသော မြင်းလှည်းသမားသည် ဆောင်းတွင်းရောက်ခါနီး အေးလှသောကြောင့် ဝတ်ရုံထူကို လုံလုံခြုံထားသည်။

တစ်ဖက်အိမ်မှ ဒီဒီရာနှင့် ဒါမီဒယ်တို့ မောင်နှမနှစ်ယောက် ထွက်လာကြသည်။ ဒီဒီရာသည် လှပစွာ ပြင်ဆင်ထားသည်။ အချိန်သိပ်မရသဖြင့် ဆံထုံးနှင့်ဆံပင်ပုံစံကတော့ ရိုးရိုးလေးဖြစ်သည်။ ကျစ်ဆံမြီးကျစ်ကာ ပြန်ခွေထားသည့် ဆံလိပ်များနှင့် ခွေလိပ်ကျနေသော အနက်ရောင် ဆံပင်လိပ်ငယ်များနှင့် ဖြစ်သည်။ အဖိုးတန်ပိုးသားခြုံထည်ကို ခေါင်းမှလွှမ်းခြုံထားသည်။

မြင်းလှည်းနံရံတွင် ပန်းချီလက်ရာများဖြင့် ပုံဖော်ထားသလို ငွေပြားများနှင့် တန်ဆာဆင်ထားသေးသည်။ မီးတိုင်မှ အလင်းရောင်ကြောင့် ဖြိုးခနဲ ဖျက်ခနဲ လင်းလက်နေသည်။ မြင်းလှည်းဘီးကြီးများသည် လေးလံသော လှည်းနှင့်အညီ ကြီးမားလှသည်။ လူဝင်ပေါက်သည် နံဘေးမှ မဟုတ်။ အနောက်ဘက်မှဖြစ်သည်။ မနက်ခင်းနေရောင်ခြည်လို ရှင်းသန့်လှပနေသော ချစ်စရာဒီဒီရာလေးသည် အစေခံကျွန်များချပေးသော ခွေးခြေပုလေးမှတစ်ဆင့် မြင်းလှည်းနောက်သို့ ဝင်ရောက်သွားသည်။ သူမနောက်မှ သူမ၏အထိန်းတော် အစေခံမကြီးနှင့် အစ်ကိုဖြစ်သူ ဒါမီဒယ်သည် ဆက်လက် လိုက်ပါသွားသည်။

"ကျုပ်အစ်ကိုရော အဘိုးကြီး.."

အားရီးယူးစ်သည် အိပ်ချင်မပြေသေးဟန် သန်းဝေလိုက်သည်။ မနေ့ညကသောက်ခဲ့သည့် စပျစ်ရည်များ၏ အရှိန်မသေသေးကြောင့် မျက်လုံးများ နီရဲနေသည်။ ခြေလှမ်းကမမှန်ချင်။ အိမ်ထိန်းအဘိုးအိုမှာ မတိုက်မိအောင် ရှောင်ပေးလိုက်ရသည်။

ထာ၀ရ ပုံပေWhere stories live. Discover now