Part 22 (Unicode)

15.3K 2.2K 265
                                    

ပုံပေမြို့ရှိ လုလိယက်စ်၏အစေခံကျွန်များသည် မိမိတို့၏အလုပ်များကို တိတ်တဆိတ် လုပ်ကိုင်နေကြသည်။ ယခင်အချိန်များကလို အချင်းချင်း စကားပြောခြင်း၊ ရယ်မောခြင်းမရှိ။ အားလုံးသည် မြို့ပြင်တွင် အမဲလိုက်ရာမှ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သော အရှင်လုလိယက်စ်အတွက် စိုးရိမ်နေကြသည်။

ပုံပေမြို့သို့ ပြန်ရောက်နေပြီဖြစ်သော်လည်း လုလိယက်စ်သည် ဒဏ်ရာကြောင့် အခန်းထဲမှ မထွက်နိုင်သေး။ အမြဲတမ်းအလုပ်နှင့် လက်မပြတ်လုပ်တတ်ပြီး ဖျားနာခြင်းမရှိခဲ့ဖူးသည့် မိမိတို့အရှင်အတွက် အစေခံများအားလုံး စိုးရိမ်ပူပန်နေကြသည်။ ဒီကြားထဲတွင် လုလိယက်စ်၏ ညီဖြစ်သူ အားရီးယူးစ်သည် ရောမမြို့သို့ ပြန်သွားခဲ့ပြီဖြစ်သည်။ အစ်ကိုဖြစ်သူကို နှုတ်ဆက်သွားခြင်းမရှိ။ ညီအစ်ကိုနှစ်ယောက် အကြီးအကျယ် စိတ်ဆိုးဒေါသဖြစ်ခဲ့သည် ဟူသော သတင်းစကားကိုသာ အစေခံများကြားတွင် တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ကြားနေရသည်။

"အဘ.."

အစေခံလူငယ်တစ်ယောက်သည် ဧည့်ခန်းဆောင်ထဲသို့ ခပ်သွက်သွက် ဝင်လာကာ အဘိုးအိုအဲလ်ဇီယိုကို လှမ်းခေါ်နေသည်။

"ဘာတုန်း"

"သခင်မလေး ဒီဒီရာ ရောက်နေတယ် အဘ။"

"ဟေ.. ဟုတ်လား.."

အဘိုးအို အဲလ်ဇီယိုသည် ပြင်ဆင်ချိန်ပင် မရလိုက်။ ဒီဒီရာနှင့် သူမ၏အထိန်းတော် အစေခံအမျိုးသမီးကြီးတို့သည် ဧည့်ခန်းဆောင်အတွင်းသို့ လှမ်းဝင်လာပြီဖြစ်သည်။ အဘိုးအိုမှာ တပြေးတပိုင်းသွားကာ ခရီးဦးကြိုပြုလိုက်သည်။

အရိုးထဲထိ စိမ့်နေအောင် ချမ်းအေးသော ဆောင်းတွင်းသို့ရောက်နေပြီဖြစ်သောကြောင့် ဒီဒီရာလေးသည် သိုးမွှေးခြုံထည်ကို ခြုံထားသည်။ အအေးဒဏ်ကြောင့် ပါးမို့မို့လေးနှစ်ဖက်မှာ ရဲနေသည်။ မျက်လုံးနက်များက တောက်ပမှုမရှိ။ အပြာရောင်ဖန်ပုလင်းငယ်လေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။

"အရှင်ရော... အဘ"

"အခန်းထဲမှာ အနားယူနေပါတယ် သခင်မလေး။"

ထာ၀ရ ပုံပေWhere stories live. Discover now