အပိုင်း ၃

14.5K 2.2K 250
                                    

အိမ်သာရေချိုးခန်းကို တစ်ဖက်အိမ်နှင့် အတူတူအသုံးပြုရမည်ဖြစ်သောကြောင့် အိပ်ရာစောစောထပြီး အိမ်သာတက်၊ မျက်နှာသစ်မည်ဟု တွေးထားခဲ့သော်လည်း တကယ်တမ်း ကလေးတွေက ကိုယ့်ထက်အရင် စောစောထကာ မျက်နှာသစ်နေကြသည်။ ကျောင်းသွားဖို့ ပြင်ဆင်ပေးနေသည့် မိခင်၏ အော်သံ၊ ခေါ်သံ။ မောင်နှမနှစ်ယောက်၏ ရန်ဖြစ်သံ၊ ငိုသံ၊ ဆူသံများကြောင့် မနက်ခင်းအချိန်သည် စည်ညံနေသည်။ ငှက်ကလေးများ၏ တီတာသံနှင့် ကြက်ဖတွန်သံကိုပင် ကောင်းကောင်းမကြားလိုက်ရ။ တစ်ဖက်အိမ်လှေကားမှ ပြေးဆင်းသံ၊ ပြေးတက်သံများသည် တဒုန်းဒုန်းနှင့် ဆူညံနေသည်။

မိသားစုအားလုံး ကိုယ်စီအလုပ်ရှုပ်နေချိန်မှာ အနှောင့်အယှက်မပေးချင်သောကြောင့် ဆောင်းကိုကို နိုးနေသော်လည်း အခန်းထဲမှာပင် ငြိမ်နေလိုက်သည်။ အသံတွေ တဖြည်းဖြည်းတိတ်ဆိတ်သွားမှ အောက်ထပ်ဆင်းကာ ရေချိုး၊ မျက်နှာသစ်သည်။ အ၀တ်အစားလဲပြီးချိန်မှာ မနက် ရှစ်နာရီ ထိုးနေပြီ။ တည်းခိုခန်းသို့ရောက်ရန် ဆယ်မိနစ်လောက်တော့ လမ်းလျှောက်ရလိမ့်မည်။ မနက်စာ စားဖို့ အချိန်မရှိတော့။

လုံးတုံမြို့လေး၏ မနက်ခင်းသည် သက်၀င်လှုပ်ရှားနေသူများနှင့် ချစ်စဖွယ်ကောင်းနေသည်။ ခပ်သုတ်သုတ် အမြန်လျှောက်ရသောကြောင့် သဘာ၀အလှကို သတိမထားမိလိုက်။ တည်းခိုခန်းပြင်ပမှ တံတားလေးကို ဖြတ်ကျော်အပြီး ၀ရန်တာသို့အရောက်မှာ ကွန်ပျူတာရှေ့တွင် ထိုင်နေသော Derick ကို တွေ့လိုက်ရသည်။

မနေ့ကလိုပင် တီရှပ်လက်ပြတ်နှင့် ဘောင်းဘီတိုတိုနှင့်။ ကွန်ပျူတာဘေးမှ ကော်ဖီခွက်သည် ကုန်ခါနီးဖြစ်သည်။ မော့ကြည့်နှုတ်ဆက်မှုတွင် အပြုံးမပါ။ ဆံပင်ရှည်ကို မြင်းမြှီးပုံစံ စည်းထားပြီးမှ ပြန်လိပ်ထည့်ထားသောကြောင့် မျက်နှာမှာ ရှင်းနေသည်။ နဖူးသိပ်မကျယ်။ မျက်ခုံးမွှေးများတွင် ရွှေရောင်မျှင်တစ်ချို့ရောယှက်လျက်။ မျက်မှောင်ကြုတ်ထားသော ထိုမျက်ခုံးများကို မကြည့်ရဲသလို ဆောင်းကိုကို အကြည့်လွှဲလိုက်သည်။

"ဆယ်မိနစ် နောက်ကျတယ်"

လေသံက ခပ်ပြတ်ပြတ်။ ပထမဆုံးအလုပ်စ ၀င်သည့်နေ့မှာ ဒီလို အပြောခံရလိမ့်မည်ဟု မထင်ထားခဲ့။ တောင်းပန်စကားဆိုသော်လည်း အနားမှာရှိနေသူက သေချာနားထောင်ဟန်မရှိ။ ထိုင်ခုံနေရာကို ထိုင်ပါဟူသည့် သဘောဖြစ် လက်ညှိုးထိုးပြပြီး ထပ်ပြောသည်။

တောင်တောရယ်သာWhere stories live. Discover now