Part 40 (Unicode)

13.8K 2K 162
                                    

မြေအောက်ခန်းဝတွင် အားရီးယူးစ် ရပ်နေသည်။

အဖိုးတန်ရွှေရောင်ချည်မျှင်များနှင့် အနားကွပ်ထားသော ခရမ်းရောင်ဝတ်ရုံရှည်သည် အလင်းရောင်ကောင်းကောင်းမရသည့် အမှောင်ခန်းထဲမှာပင် တောက်ပနေသည်။ ပင်လယ်ခရုတစ်မျိုးမှသာ ရရှိနိုင်သော အရောင်ဖြစ်သောကြောင့် အင်ပါယာတစ်ခုလုံးတွင် စျေးအကြီးဆုံး၊ အဖိုးအထိုက်တန်ဆုံးဖြစ်သည့် ဝတ်ရုံရှည်မျိုး ဖြစ်သည်။ အဖိုးတန်အဝတ်အစားကို ဝတ်ဆင်ထားသည့် အားရီးယူးစ်၏ ကွေးညွှတ်ပြုံးနေသည့် နှုတ်ခမ်းများကတော့ သွေးဆာနေသော မိစ္ဆာတစ်ကောင်လို ခပ်မဲ့မဲ့။

"ငါ့ကိုတွေ့ရတာ မင်း ဝမ်းမသာဘူးလား ဖဲလ်လစ်ရ။"

လှောင်ရယ်သံသည် စကားအဆုံးမှာ တဆက်တည်း ထွက်ပေါ်လာသည်။

"မင်းပဲ ငါနဲ့ နေချင်တယ်ဆို။"

အားရီးယူးစ် မရယ်တော့။ ဖဲလ်လစ်ရှိရာသို့ လျှောက်လာသည်။

"ဘာလဲ။ မင်းစိတ်ကူးတွေ ပြောင်းနေပြီလား။ ငါ့ထက် လုလိယက်စ်ကို ပိုပြီး သစ္စာရှိချင်နေပြီလား။"

ဖဲလ်လစ်ပါးစပ်မှ ပိတ်ဆို့ထားသော အဝတ်စကို ကြမ်းတမ်းစွာဆွဲဖယ်လိုက်သည်။ ထို့နောက် ဖဲလ်လစ်၏ ဆံပင်နက်များကို စောင့်ဆွဲလိုက်သည်။ မော့လာသော မျက်နှာသည် သွေးအလိမ်းလိမ်း။ အားရီးယူးစ်ကို မကြည့်။ အခန်းနံရံသို့သာ အကြည့်လွှဲထားသည်။

"မင်း တာဝန်ကျေတယ် ဖဲလ်လစ်။ အခု ငါ့အစ်ကို ရောမကိုသွားပြီး အရှင်တိတိုကို သွားသတ်နေပြီ။ အရှင်တိတိုသေတာနဲ့ ငါ့အစ်ကိုလည်း အပြစ်ဒဏ်ကလွတ်မှာ မဟုတ်ဘူး။ လွှတ်တော်မှာ အရှင်တိတိုရဲ့ နောက်လိုက်တွေချည်းပဲ။ ဒါဆိုရင် ဘာဆက်ဖြစ်မလဲ မင်းသိလား။"

မျက်နှာတစ်ခုလုံး ပြုံးလာနေသည့် အားရီးယူးစ်၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်ခြင်းများနှင့် ပြည့်နေသည်။

"ငါ အင်ပါယာရှင် ဖြစ်ပြီကွ။ အရှင်တိတိုရော၊ ငါ့အစ်ကိုပါ မရှိတော့ရင် ငါ အင်ပါယာရှင် ဖြစ်ပြီ။ ငါ့ကိုထောက်ခံမယ့် လွှတ်တော်အမတ်တွေကို သိမ်းသွင်းထားပြီးပြီ။ ဟား ဟား ဟား.. မင်းသိလား။ ငါ အင်ပါယာရှင်ဖြစ်ချင်တာ ကြာလှပြီ။ ဒါပေမဲ့ မင်းအဖေ အရှင်တိတိုကို လုပ်ကြံရုံနဲ့ ဖြစ်နိုင်မှာမဟုတ်ဘူး။ သုံးစားမရတဲ့ လွှတ်တော်အမတ်တွေက အရှင်တိတိုမရှိတော့ရင် ငါ့အစ်ကို လုလိယက်စ်ကိုပဲ နန်းတင်မှာ။ အခုလို နှစ်ယောက်စလုံးကို အပြတ်ရှင်းနိုင်မှ ငါ့အစီအစဉ်အောင်မြင်မှာ။"

ထာ၀ရ ပုံပေWhere stories live. Discover now