Part 43 (Unicode)

13.3K 2.2K 196
                                    

လှေကားထစ်များမှ ခြေသံကြောင့်လားမသိ။ မြေအောက်ခန်းထဲ အဘိုးအိုလှမ်းဝင်လိုက်ချိန်မှာ ဖဲလ်လစ်သည် သူ့ကို မော့ကြည့်နေသည်။ မှောင်ရိပ်ကွယ်နေသောကြောင့် ဘာကိုမှ သဲကွဲစွာမမြင်ရ။ အောင့်သက်သက်အနံ့နှင့် သွေးနံ့သဲ့သဲ့ကို ရလိုက်သည်။ အဘိုးအို မြေအောက်ခန်းထဲ လျှောက်ဝင်လာပြီး နံရံရှိ မီးတုတ်ထားရာ ကြေးသံကွင်းတွင် မီးတိုင်ကို ချိတ်လိုက်သည်။

ဆီမီးတိုင်မှ အလင်းရောင်သည် မြေအောက်ခန်းတစ်ခန်းလုံးကို ဖြာကျလာသည်။ အခန်းထောင့်တွင် မြေအိုးကွဲအစတွေရှိသေးသည်။ စပျစ်ရည်နှင့်ကွက်နေသော စိုထိုင်းသည့်မြေပြင်သည် မပြောင်းလဲသေးသလို ဖဲလ်လစ်သည် အဘိုးအိုနောက်ဆုံးမြင်ခဲ့သည့် ပုံစံအတိုင်းပင်ဖြစ်သည်။ ပြောင်းလဲခြင်းလုံးလုံး မရှိ။ နံရံကိုကျောမှီကာ ဒူးထောင်ရင်း ထိုင်နေသည်။ ဒူးနှစ်ဖက်ကို တင်းတင်းပိုက်ထားတာသာ ကွာသည်။

"ဖဲလ်လစ်.. မင်း.. မင်းအတွက် အမိန့်စာ.."

အဘိုးအိုသည် အမိန့်ပြားကို ဖဲလ်လစ်ကို ကမ်းပေးသည်။ ဖဲလ်လစ် လှမ်းမယူ။ အကြည့်လွှဲကာ ကွေးပိုက်ထားသော ဒူးပေါ်သို့ ခေါင်းပြန်ငုံ့သွားသည်။

"မင်း မသိချင်ဘူးလား။"

ခေါင်းကိုငုံ့ထားလျက်နှင့်ပင် ဖဲလ်လစ် ခေါင်းခါသည်။ သွေးစများနှင့် စိုထိုင်းနေသော ဆံပင်နက်များသည် အုပ်ဆိုင်းနေသည်။ အဘိုးအို သက်ပြင်းချရင်း ဖဲလ်လစ်၏ ဆံပင်များကို အိုမင်းနေသော လက်ချောင်းပိန်များဖြင့် အုပ်ကိုင်လိုက်သည်။ ဖဲလ်လစ်ထံမှ အသက်ရှူသံသည် ပြင်းထန်နေသည်။ ပခုံးကို ခပ်ဖွဖွပုတ်ရင်း အဘိုးအို သက်ပြင်းချဖြစ်သည်။

အခုအချိန်မှာတော့ ဖဲလ်လစ်ကို အဘိုးအို သနားနေမိသည်။ လုလိယက်စ်ပြောခဲ့သည်မှာ အမှန်တွေချည်းပင်ဖြစ်သည်။ ဖဲလ်လစ်သည် ကျွန်တစ်ယောက်အနေဖြင့် သခင့်အမိန့်ကို နာခံရုံမှလွဲ၍ ဘာတတ်နိုင်မည်နည်း။ ဒီကောင်လေးသည် အားရီးယူးစ်၏ အမိန့်ကို နာခံရုံသက်သက် လုလိယက်စ်အိမ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now