Part 49 (Unicode)

12.8K 1.9K 28
                                    

ခရီးသွားလမ်းမရှည်ကြီးပေါ်တွင် ဒုက္ခသည်များ တန်းစီနေသည်။

အားလုံးသည် မီးတောင်ကြီးနှင့် ဝေးရာသို့ လာနေကြခြင်းပင်။ မြင်းများ၊ မြည်းများနှင့် ထွက်ပြေးလာသူများ ရှိသလို လှည်းများနှင့် လာကြသူများရှိသည်။ အားလုံးခေါင်းငိုက်စိုက်နှင့်ဖြစ်သည်။ ပြာမှုန်များကပ်ကာ ဆံပင်တွေ ဖွေးဖွေးဖြူနေသည်။ ကမ္ဘာပျက်သည်ကို ကြုံခဲ့ရဖူးသူများလို ငေးငိုင်နေသည်။ ကလေးငိုသံ၊ ဒဏ်ရာများကြောင့် ငြီးတွားသံများနှင့် တိရစ္ဆာန်များကို အော်ငေါက်သံများကို တစ်ချက်တစ်ချက် ကြားနေရသည်။

ဖဲလ်လစ်စီးလာသော မြင်းကြီးသည် ရှေ့ဆက်မသွားချင်သလို တစ်လှမ်းချင်းစီ လျှောက်နေသည်။ ဒုန်းစိုင်း မောင်းနှင်ရန် မဖြစ်နိုင်တော့။ လမ်းမထက်တွင် ဒုက္ခသည်များနှင့် ပြည့်နေသည်။

"ရှေ့ဆက်မသွားနဲ့။ အန္တရာယ်များတယ်ကွ။"

လူကြီးတစ်ယောက်၏အပြောကို ဖဲလ်လစ်ကြားလိုက်ရသည်။

"ဘာတွေဖြစ်နေလဲ ဦးလေး။"

"ဘယ်သူမှ မသိဘူး ကောင်လေးရ။"

"ပုံပေမြို့ထဲကလူတွေရော.."

"ပြောဖို့ခက်တယ်။ တစ်ချို့လည်းပြေး၊ တစ်ချို့လည်း ပုန်းနေတာပဲ။ ကျောက်ခဲမိုးတွေရွာတာ မရပ်သေးဘူး။ ဦးလေးတို့က ပုံပေမြို့က မဟုတ်ဘူး။ မင်း ရှေ့ဆက်မသွားနဲ့တော့။ တကယ် အန္တရာယ်များတယ်။ ငါတို့နဲ့လိုက်ခဲ့ ကောင်လေး။"

အခြားဒုက္ခသည်များသည် ဖဲလ်လစ်ကို အထူးအဆန်းသဖွယ် လှည့်ကြည့်သွားကြသည်။ ဟုတ်ပါသည်။ လူတန်းကြီး၏ ဦးတည်ရာသည် ပုံပေမြို့မှ ဝေးရာအရပ်သို့ ဖြစ်သော်လည်း သူ ဦးတည်ရာမှာ အားလုံးနှင့် ဆန့်ကျင်ဘက် ပုံပေမြို့ရှိရာသို့ဖြစ်သည်။

"ကျွန်တော် မသွားလို့မဖြစ်ဘူး။"

စိုးရိမ်မှုကြောင့် သူ့ တစ်ကိုယ်လုံးထူပူနေသည်။ ကြောက်ရွံ့ပူပန်မှုကြောင့် ဖြစ်ပေါ်လာသော ရင်ဘတ်ထဲမှ နှလုံးခုန်နှုန်းသည် မြန်လွန်းနေသည်။ မျက်စိတစ်ဆုံးသို့ လှမ်းကြည့်သော်လည်း မြင်ကွင်းသည် မရှင်းလင်း။ လမ်းအဆုံးကိုပင် မမြင်ရ။ မြူဆိုင်းနေသကဲ့သို့ အရာရာသည် မီးခိုးရောင်မြူမှုန်များကြားတွင် ပျောက်ဆုံးနေသည်။ အခြေအနေသည် သူ ထင်ထားတာထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသည်။ မြို့နားနီးလာလေ ဒုက္ခသည်များ၏ အခြေအနေမှာ မြင်ရက်စရာ မရှိအောင် ဆိုးရွားလာလေဖြစ်သည်။ လွတ်မြောက်ခွင့်ဆိုတာ ရှိနိုင်ပါ့မလား။ သေမင်းတမန် သိမ်းပိုက်ထားသည့် ပုံပေမြို့ကြီးတွင် တစ်စုံတစ်ယောက်သော သူ ရှိနေသည်။ ထိုနေရာကို သူ ရောက်အောင် သွားမှဖြစ်မည်။

ထာ၀ရ ပုံပေWhere stories live. Discover now