Part 50 (Unicode)

13.5K 2K 105
                                    

အဝေးမှကြည့်လျှင် လှပခန့်ထည်ခဲ့သော ပုံပေမြို့ကြီးကို မြင်ရတော့မည် မဟုတ်ပေ။ မီးတောင်ပေါက်ကွဲချိန်မှ စတင်ရေတွက်လျှင် တစ်နေမကုန်၊ မိုးမချုပ်သေးသော်လည်း ပုံပေမြို့ကြီးသည် ပြာမှုန်၊ပြာစများကြား ပျောက်ကွယ်နေပြီဖြစ်သည်။ အချို့နေရာများတွင် မီးတောက်များကို မြင်နေရသည်။ မီးတောက်မီးလျှံများသည် မြို့ကြီးအတွင်းရှိ အဆောက်အဦးများ၊ အိမ်များ၊ တိုက်ခန်းနေရာ အတော်များများကို လောင်ကျွမ်းဝါးမြိုနေသည်။

ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းကြောင့် ဝေါ သံကြီးသည် တော်လဲသံကြီးလို အဆက်မပြတ် ထွက်ပေါ်နေသည်။ လေပြင်းနှင့်အတူ အေးစိမ့်မှုသည် အရှင်လတ်လတ် ငရဲရောက်နေသော မြို့သူ၊ မြို့သားများကို နှိပ်စက်လူပြုရန် ရောက်လာပြန်ပြီဖြစ်သည်။ ပြာမှုန်များကြားမှ နေမင်းကို လုံးဝန်းသော ခရမ်းရောင်လုံးလိုသာ မြင်ရသည်။ ခွန်အားမရှိ။ အင်အားမရှိ။ သိပ်မကြာခင်မှာပင် နေဝင်ချိန်သို့ ရောက်တော့မည်ဖြစ်သည်။

"ဒါမီဒယ်.. သွားရအောင်... မင်းမိသားစု.."

ချောင်းတွေဆိုးလာကာ စကားအဆုံးထိ လုလိယက်စ် မပြောနိုင်။ အသက်ရှူဖို့ရန်ပင် ခက်ခဲနေသည်။ ဖုန်တစ်စက် သဲတစ်ပွင့်ထက်ပင် ပိုပြီး သေးငယ်ပေမယ့် ဖန်ကွဲစများလို စူးရှသည့် ပြာမှုန်များသည် လူများ၏နှာခေါင်း၊ ပါးစပ်ထဲတွင် ဓါးမြှောင်ငယ်များနှင့် ဝင်ထိုးနေသလိုပင်။ မျက်လုံးများစပ်ကာ မျက်ရည်များကျလာစေသည်။

တရားရုံးချုပ်နေရာတွင် လုလိယက်စ်၊ ဒါမီဒယ်နှင့် ဘဏ်ပိုင်ရှင်ကြီး၏ အစေခံကျွန်သာ ရှိတော့သည်။ ကျောက်ခဲမိုးများ၊ မီးလောင်မှုများ၊ လေပြင်းများကြားတွင် လူတွေအုပ်စုကွဲကာ ကစင့်ကလျားဖြစ်ကုန်သည်။ ဒါမီဒယ်သည်လည်း အိမ်တွင်ကျန်နေခဲ့သည့် ကိုယ်ဝန်အရင့်အမာနှင့် ဇနီးဖြစ်သူနှင့် မိသားစုအတွက် စိုးရိမ်ပူပန်နေသည်။

"သွားရအောင် သူငယ်ချင်း။"

ဒါမီဒယ် ခေါင်းညိတ်သည်နှင့် အစေခံလူငယ်လေးကို လိုက်ခဲ့ချင်သလား မေးမြန်းလိုက်သည်။ အကြောက်လွန်နေသော လူငယ်မှာ နေရာမှ မရွေ့နိုင်။ အပြင်မထွက်ချင်ကြောင်းကိုသာ တွင်တွင်ပြောကာ အတင်းငြင်းနေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now