Part 52 (Unicode)

13.7K 2K 93
                                    

ဒီလိုပူပန်မှုမျိုး၊ ဒီလိုစိုးရိမ်မှုမျိုးကို ဖဲလ်လစ် ခံစားဖူးသည်။ တစ်ကိုယ်လုံး မီးကျည်ရဲရဲနှင့် မီးကင်ခံရသလို ထူပူမှုမျိုးဖြစ်သည်။ ဒီလိုခံစားချက်မျိုးကို တစ်ယောက်တည်းသောသူအတွက်သာ သူ ခံစားဖူးသည်။ တောတန်းထဲတွင် အမဲလိုက်ထွက်ချိန်က ဖြစ်ပေါ်ခဲ့သော မြေငလျင်ကြောင့် ပြိုလဲခဲ့ချိန်မှာ ဖြစ်သည်။ ဒဏ်ရာမှသွေးစက်စက်ကိုကြည့်ရင်း သူ့အစား မိမိသာ ဖြစ်လိုက်လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိခဲ့ဖူးသည်။ ထိုအချိန်က မိမိရင်ခွင်ထဲမှာ မျက်လုံးများမှိတ်ကာ ခေါင်းငိုက်စိုက်ကျနေသည့် ထိုသူကို ထွေးပွေ့ထားရုံမှလွဲ၍ ဘာဆိုဘာမှ မတတ်နိုင်ခဲ့။

ယခုအခါတွင်ရော..

နီးနီးလေးလို့ ထင်ရပေမယ့် ထိုနေရာသို့ရောက်အောင် ဖဲလ်လစ် ရုန်းကန်သွားရသည်။ လမ်းမထက်မှ မြင့်မားလှသော ချော်ကျောက်ငယ်များသည် ခြေလှမ်းတိုင်းကို ရှေ့ဆက်လို့မရအောင် ဖမ်းဆွဲထားသလို။ အကြိမ်ကြိမ်ပြိုလဲပြီးမှ ပြာမှုန်များနှင့် ဖုံးလွှမ်းနေသော လဲကျနေသူထံ သူရောက်လာခဲ့သည်။ ကိုယ်ခန္ဓာတခြမ်းကို ပြာမှုန်တွေဖုံးကာ မို့မောက်နေပြီဖြစ်သည်။ အရှင်လတ်လတ် မြေမြှုပ်သဂြိုဟ်နေသလိုပင်။ ကျောကုန်းနှင့် ခပ်စောင်းစောင်းဖြစ်နေသော မျက်နှာကိုသာ မပီမပြင် ခပ်သဲ့သဲ့ တွေ့လိုက်ရသည်။

ကျယ်လောင်စွာ အော်ခေါ်ချင်ပေမယ့် ပါးစပ်ပင် ဖွင့်မရ။ သိပ်သည်းစွာ ကျဆင်းနေသော ပြာမှုန်များကြားတွင် မီးရောင်လက်လက်ထနေသော လောင်ကျွမ်းမှုများ၏ အကြွင်းအကျန် အစများ ဝဲပါနေသည်။ မျက်စိရှေ့မှာ။ ကိုယ်ပေါ်မှာ။ နေရာတိုင်းမှာ လွတ်ကင်းမှုမရှိ။ ပြိုကျနေသော အုတ်ပုံကြီးကို မြင်လိုက်ရချိန်မှာတော့ လက်ထဲမှ မီးတိုင်သည် လွတ်ကျသွားခဲ့သည်။

အရှင်..

အသက်ရှိသေးရဲ့လား။

ဒီအတွေးသည် သူ့ခေါင်းထဲမှ ဦးနှောက်များကို တစစီဖြစ်အောင် လောင်ကျွမ်းစေသည်။ လှုပ်ရှားမှု မရှိတော့သော လက်နှစ်ဖက်ကို အတင်းဆွဲရင်း အုတ်ပုံအောက်မှ တစ်ပိုင်းတစ်ပျက်ပေါ်နေသော ကိုယ်ခန္ဓာကို ဆွဲထုတ်နိုင်အောင် ကြိုးစားဖြစ်သည်။ ချွေးတွေစီးကျလာသည်။ ရင်ညွှန့်နေရာတွင် စူးအောင့်လာသည်။ မျက်နှာထက်မှာ အေးစက်နေပေမယ့် ဝတ်ရုံအောက်ရှိ ကျောရိုးတစ်လျှောက်တွင် ချွေးစီးကြောင်းများ စီးကျနေသည်။ လဲကျနေသော လုလိယက်စ်၏ လက်နှစ်ဖက်ကို အတင်းဆုပ်ကိုင်ကာ အားယူဆွဲနေပေမယ့် လက်ဖဝါးမှ ချွေးစေးများကြောင့် ချောနေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now