Part 53 (Unicode)

19.6K 2.4K 531
                                    

ပေါက်ကွဲသံတွေကို ဆက်တိုက် ကြားနေရဆဲဖြစ်သည်။ တစ်ချက်၊ တစ်ချက် လူးလွန့်သွားသော ကျောပြင်အောက်မှ မြေငလျင်ဒဏ်ကို ခံစားနေရသည်။

သူ မသေသေးဘူးလား။

သေဆုံးခြင်းရဲ့ အခြားတစ်ဖက်တွင် သူ ကြုံခဲ့ရသော အနိဌာရုံများဖြင့်သာ နိုးထလာရလိမ့်မည်ဟု လုလိယက်စ် မယုံကြည်ချင်။ ထုံထိုင်းမှုသည် တစ်ကိုယ်လုံးကို လှုပ်မရအောင် ချည်နှောင်ထားသည်။ တင်းကြပ်စွာ အထပ်ထပ် စည်းပတ်ထားသော အဝတ်စများနှင့် တစ်ကိုယ်လုံး ပတ်နှောင်ခံထားရသလို ခံစားနေရသည်။

အသက်ရှူမဝ..

သူ့ပါးစပ်ထက်မှ စိုထိုင်းသော တစ်စုံတစ်ရာကို ခံစားရသည်။ ရေစက်ရေပေါက်များ။ နှုတ်ခမ်းထက်မှသည် ခြောက်သွေ့နေသော လည်ပင်းထဲသို့ စီးဝင်နေသည်။ မွန်းကြပ်လာသလို ခံစားရသည်။ လည်ချောင်းတွေနာလာသည်။ ချောင်းဆိုဖို့ ကြိုးစားပေမယ့် ခွန်အားမရှိ။

"အရှင်.."

ခေါ်သံတစ်ခု။

မဖြစ်နိုင်ဟူသောအတွေးသည် သူ့ခေါင်းထဲသို့ ပထမဆုံးတိုးဝင်လာသည်။ အကြားချင်ဆုံးခေါ်သံကို ကြားနေရခြင်းသည် သူ၏အသက်မရှိတော့သည့်အဖြစ်ကို သက်သေပြုသည်လားမသိ။ ဖုန်တွေ၊ ပြာမှုန်တွေ ကပ်နေသော မျက်တောင်များကို ပုတ်ခတ်ရင်း မျက်လုံးများကို ကြိုးစားဖွင့်ကြည့်သည်။ သူသည် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲမှာဖြစ်သည်။ ညင်သာစွာ ထွေးပွေ့ထားသော လက်မောင်းများ၏ ကြံ့ခိုင်မှုကို ခံစားရသည့်နှင့် မူးမိုက်လာသည်။

ဘာတွေဖြစ်နေတာလဲ။

သူ သေသွားပြီ မဟုတ်ဘူးလား။ ပုံပေမြို့ကြီးတစ်ခုလုံး ပျက်စီးသွားပြီ မဟုတ်ဘူးလား။ သူ့ဘေးမှာ ရှိနေသူသည် သူ အမြင်ချင်ဆုံးသူတစ်ယောက် ဖြစ်ပေမယ့် အခုအချိန်မှာ သူ့ဘေးမှာ မရှိစေချင်ဆုံးသူ တစ်ယောက်။

"မင်း.. မင်း ဘယ်လို.."

စကားကို အဆုံးမသတ်နိုင်။ တဟွတ်ဟွတ်ဆိုးလာသော ချောင်းက လုလိယက်စ်၏ ခွန်အားမှန်သမျှကို ဆွဲယူမြိုချသွားသည်။

ထာ၀ရ ပုံပေWhere stories live. Discover now