ဇာတ်သိမ်းပိုင်း

34K 3.1K 573
                                    

ညနေစောင်းအချိန် လေပြည်သည် အေးမြမှုဖက်ကို ပိုအားသန်လာသည်။ ခွန်အားမရှိတော့သော နေရောင်ခြည်များသည် အေးချမ်းမှုကို အကာအကွယ် မပေးနိုင်တော့ပါ။ တဖြူးဖြူးတိုက်ခတ်နေသော ပင်လယ်လေသည် မြို့ဟောင်းကြီး၏ လက်ကျန်အဆောက်အဦးများ ကြားတွင် ပြေးလွှားတိုက်ခတ်နေသည်။

မာကိုနှင့် လူငယ်သည် မှန်ဘောင်အလုံခတ်ထားသော အဆောက်အဦးရှေ့တွင် ရပ်နေဆဲဖြစ်သည်။ လူငယ်၏ မျက်နှာတွင် အရယ်အပြုံးမရှိ။ မျက်စိရှေ့ရှိ မှန်ဘောင်ထဲမှ ရုပ်သွင်းထားသည့် ရုပ်အလောင်းများကို ငေးကြည့်နေသည်။ မှန်ဘောင်ထဲတွင် ပုံစံအမျိုးမျိုးနှင့် လဲကျနေသော ပုံပေမြို့သူ၊ မြို့သားများ၏ ရုပ်ကြွင်းများ ရှိသည်။ ထောင့်ဆုံးတွင် တံတောင်ကိုထောက်ကာ ရုန်းထတော့မည့်ဟန် အမျိုးသားတစ်ယောက်။ သူ့ဘေးတွင်တော့ မှောက်ရက်လဲကျနေသော အမျိုးသမီး။ ကလေးငယ်များလည်းပါသည်။

ထို ကလေး၊ လူငယ်၊ အမျိုးသမီး၊ အမျိုးသား ရုပ်ကြွင်းများသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ခန့်က အမှန်တကယ် သက်ရှိထင်ရှားရှိခဲ့သူများဖြစ်သည်။ သူတို့ကို မီးတောင်ကြီးက ဖျက်ဆီးခဲ့သည်။ ထို့နောက်မှာတော့ နှစ်ပေါင်း ၂၀၀၀ ကြာတည်တံ့အောင် မီးတောင်ကြီးကပင် ကာကွယ်ခဲ့သည်။ သဘာဝတရား၏ ဆန်းကြယ်မှုများကို လူသားများ နားလည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်။

"မီးတောင်က ပထမဆုံး လိမ့်ဆင်းလာတဲ့ ပြာပူတွေ မီးစတွေရောနေတဲ့ ပြာပူလှိုင်းကြီးဟာ Ercolano မြို့က လူတွေအကုန်လုံးကို သေသွားစေတယ် ကောင်လေးရ။ မီးတောင်ပေါက်ပြီး ၁၂ နာရီ အကြာမှာပေါ့ကွာ။ အဲ့ဒီ့မြို့ထဲမှာ တစ်ချို့တလေကလွဲပြီး ဘယ်သူမှ မရှိတော့ဘူး။ အားလုံးသောင်ပြင်ကို ရောက်နေကြတယ်။ အားလုံးသေကြတာပဲ။ အဲ.. ပုံပေမြို့ကလူတွေ အားလုံးသေကြရတဲ့ ပြာပူလှိုင်းကြီးကတော့ မီးတောင်ပေါက်ပြီး ၁၈ နာရီအကြာလောက်မှာ လိမ့်ဆင်းလာတာ ဖြစ်နိုင်တယ်။ ပုံပေမြို့ကိုဖြတ်ပြီး လူတွေအားလုံးကို သတ်သွားတာ။ အပြင်မှာရှိနေသူတွေအားလုံး ပြာအုပ်ပြီး အသက်ရှူကြပ်သေရသလို အိမ်တွေ၊ အဆောက်အဦးတွေထဲမှာ ရှိနေသူတွေကိုလည်း ဂက်စ်တွေကြောင့်သေရတာပဲ။ ပြာတွေဂက်စ်တွေရောနေတဲ့ လေပူလှိုင်းကြီးရဲ့ ပျမ်းမျှအပူချိန်က ဒီဂရီ ၂၀၀ ကျော်နိုင်တယ်ဆိုတော့ မင်းစဉ်းစားကြည့်ပေါ့။"

ထာ၀ရ ပုံပေWhere stories live. Discover now